နေပြည်တော် ၁၂ ဇွန်
တရားလွှတ်တော်ရှေ့နေများ ကောင်စီအစည်းအဝေး (၂/၂၀၁၉)ကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တရားလွှတ်တော်ရှေ့နေများကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက အမှာစကားပြောကြားရာ၌ ဇွန် ၁၀ ရက်က ပြည်ထောင်စုလွှတ်တော်က တရားလွှတ်တော်ရှေ့နေများ ကောင်စီအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကို ပြဌာန်းပြီးဖြစ်ကြောင်း ၊ပြင်ဆင်သည့် ဥပဒေအရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ထုတ်ပြန်မည့် နည်းဥပဒေများနှင့်အညီတရားလွှတ်တော်ရှေ့နေများကရွေးကောက် တင်မြောက်သည့် လုပ်သက် အနည်းဆုံး ၁၅ နှစ်ရှိ တရားလွှတ်တော်ရှေ့နေ ၁၁ ဦးကို ရွေးကောက်တင်မြောက်ရ မည်ဖြစ်ကြောင်း၊နည်းဥပဒေများထုတ်ပြန်နိုင်ရေးအတွက်တရားလွှတ်တော်ရှေ့နေများကောင်စီကပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့သဘောထားပေးရမည်ဖြစ်ကြောင်း၊မြန်မြန်ဆန်ဆန်သဘောထားပေးပို့နိုင်ရန်လိုပါကြောင်း။
ယနေ့အစည်းအဝေးတွင် တရားလွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်းရန် လျှောက် ထားသည့် လျှောက်လွှာ၄၃၈စောင်ကို စိစစ်အတည်ပြုမည်ဖြစ်ပါကြောင်း၊ တရားလွှတ်တော် ရှေ့နေမှတ်ပုံတင်ကတ်ပြား Smart Card ထုတ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး /ပြည်နယ်များမှ ပေးပို့သည့် ၃၆၄၉ ဦး အနက် ၂၀၁၂ ဦးအတွက်ပြု လုပ်ပြီးဖြစ်ပါကြောင်း၊ အားလုံးပြီး စီးသည်နှင့်ဖြန့်ဝေသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသော တရားလွှတ်တော်ရှေ့နေများ ကောင်စီ အဖွဲ့ဝင်များက တရားလွှတ်တော်ရှေ့နေများကောင်စီ အက်ဥပဒေကို ပြင်ဆင်သည့်ကိစ္စ၊ တရားလွှတ်တော်ရှေ့နေများ၏ ကျင့်ဝတ်သိက္ခာနှင့်စပ်လျဉ်း၍ သဘောထားတောင်းခံသည့်ကိစ္စ၊ တရားလွှတ်တော်ရှေ့နေ အဖြစ်စာရင်း တင်သွင်းခွင့်ပြုရန် ကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ တရားလွှတ်တော်ရှေ့နေများကောင်စီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့များ တက်ရောက်ကြသည်။
(သတင်းစဉ်)