နေပြည်တော် ၁၂ ဇွန်    

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် ဇွန်လ ၁၁ ရက်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်၊ တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး ရေးတက္ကသိုလ် (စစ်ကိုင်း)သို့ ရောက်ရှိပြီး တက္ကသိုလ်၏ သင်ကြားလေ့ကျင့်မှု၊ စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေး၊ သက်သာချောင်ချိရေး ဆိုင်ရာကိစ္စရပ်များကို ပါမောက္ခချုပ်၏ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ 

 

7729

 

ဆက်လက်၍ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့က ကြီးမှူးကျင်းပသည့် သုတေသန စာတမ်းပြိုင်ပွဲနှင့် စာတမ်းဖတ်ပွဲများတွင် ဆုရရှိသော ဒုတိယပါမောက္ခ ဒေါက်တာဆောင်ဆွမ့်နှင့် ဒုတိယပါမောက္ခ ဒေါက်တာသူဇာတို့အား ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်ကာ ဝန်ထမ်းများ၊ သင်တန်းသား/ သင်တန်းသူများနှင့် တွေ့ဆုံ၍ ထောက်ပံ့ငွေများ ထောက်ပံ့ခဲ့သည်။ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အိပ်ဆောင်များ၊ စားရိပ်သာများ၊ စာသင်ဆောင်များနှင့် စာပေပညာရပ်များ သင်ကြားပို့ချနေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး တက္ကသိုလ်၏ စတင်တည်ထောင်စဉ်ကတည်းက ရှိခဲ့သည့် အိပ်ဆောင်နှင့် စားရိပ်သာများကို ရှေးမူမပျက် ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ရေး လမ်းညွှန်မှာကြားခဲ့သည်။
 
ထို့နောက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသော သုံးထပ်စာသင်ဆောင်၊ စုပေါင်းခန်းမ(Theatre)၊ (၆) ခန်းတွဲ (၃) ထပ် အမှုထမ်းနေအိမ် တည်ဆောက်ရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး စံချိန်၊ စံညွှန်းနှင့် အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးစီးရေးတို့ကို စနစ်တကျ စီမံဆောင်ရွက်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တက္ကသိုလ်ဝန်းအတွင်း အရိပ်ရ လေကာပင်များ၊ အဖိုးတန် ရတနာတန်းဝင်အပင်များ၊ ပန်းအလှပင်များ ပျိုးထောင်ထားရှိမှုနှင့် မိုးရာသီ သစ်ပင်စိုက်ပွဲတော်အတွက် ပြင်ဆင်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည့် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(စစ်ကိုင်း)သို့ ရောက်ရှိခဲ့ရာ ကျောင်းအုပ်ကြီးက အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသော ကျောင်းသူသုံးထပ် အိပ်ဆောင်၊ ကျောင်းသား (၂) ထပ် စားရိပ်သာ၊ (၆) ခန်းတွဲ (၃) ထပ် ဆရာမများဆောင် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးရေးမှာကြားခဲ့ပြီး ကျောင်းစာကြည့်တိုက်သို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ ဘာသာရပ်ဆိုင်ရာနှင့် သုတရသစာအုပ်များ ပိုမိုပြည့်စုံစွာထားရှိရေး မှာကြားခဲ့သည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၏ စီမံကြီးကြပ်မှုဖြင့် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်မှ ဆရာ၊ ဆရာမ (၁၃၄၃၃) ဦးကိုလည်းကောင်း၊  ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်နှင့် စစ်ကိုင်း) မှ ဘွဲ့ရလူငယ်  (၃၈၇၀) ဦးကို လည်းကောင်း မွေးထုတ်ပေးနိုင်ခဲ့ပြီး အဆိုပါ ကျောင်းဆင်းလူငယ်လူရွယ်များသည် ယင်းတို့နှင့် သက်ဆိုင်သည့် နယ်စပ်ဒေသများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ ကိုယ်တိုင်ကျရာ အခန်းကဏ္ဍအသီးသီးတွင်  တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်