ရန်ကုန် ၁၂  ဇွန် 

မြန်မာနိုင်ငံ စွမ်းအင်ဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများဖိုရမ်ကို ဇွန် ၁၁ ရက် နှင့် ၁၂ ရက်တို့တွင် တာမွေမြို့နယ်၊ ဖိုးစိန်လမ်းရှိ Green Hill ဟိုတယ်၌ ကျင်းပရာ အရပ်ဘက်အဖွဲ့အစည်း ၄၀ ကျော်မှ ကိုယ်စားလှယ် ၁၅၄ ဦး တက်ရောက်ဆွေးနွေးခဲ့ ကြပြီး မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား အမြန်ဆုံးရရှိရေးအတွက် ပြန်ပြည့်မြဲ စွမ်းအင်သုံးစွဲမှုမြှင့်တင်ရေးနှင့် ပြန်ပြည့်မြဲစွမ်းအင်အသုံးပြုရန် မူဝါဒများဖြေလျှော့ပေးရေးကို တိုက်တွန်းအကြံပြုခဲ့ကြသည်။ 

 

14290

 

“ဒီနေ့ ကျွန်တော်တို့တိုင်းပြည်အတွက် လျှပ်စစ်စွမ်းအင်ကဏ္ဍကို သုတေသန လုပ်ဖို့ Reform လုပ်ဖို့လိုပါလိမ့်မယ်၊ နိုင်ငံတကာ ကြွေးမြီတွေက စွမ်းအင်ကဏ္ဍမှာ အမြင့်ဆုံးဖြစ်နေပြီး၊ နိုင်ငံခြားကြွေးမြီ ၃ ဘီလီယံလောက်က စွမ်းအင်ကဏ္ဍအတွက် ချေးထားတဲ့အကြွေးတွေပါ၊ နိုင်ငံတကာ ချေးငွေတွေလည်းရှိနေတယ်၊ တစ်ဘက်မှာ လူမှုဘဝတွေ အတွက်လည်း မလုံလောက်ဘူး၊ ဘယ်နေရာမှာ မှားနေလဲဆိုတာ သုတေသနလုပ်ဖို့ လိုပါတယ်၊ ပြီးတော့ မဟာဗျူဟာကျကျနဲ့ မူဝါဒတွေကို ပြန်ပြီးပြုပြင် ဖို့လိုပါလိမ့်မယ်၊ ကျွန်တော်တို့နိုင်ငံမှာ သင့်တော်တဲ့ရာသီဥတုအပေါ် အခြေခံပြီး ရေအားလျှပ်စစ်သုံးတဲ့နေရာမှာ ရေအားနဲ့သုံးမယ်၊ ဆိုလာသုံးသင့်တဲ့ အချိန်မှာ ဆိုလာသုံးမယ်၊ ဂက်စ်အသုံးပြုသင့်ချိန် ဂက်စ်သုံးမယ်၊ ဟန်ချက်ညီတဲ့ အသုံးပြုမှုတွေ သုတေသနလုပ်ဖို့လိုတယ်၊ ဒါတွေကို ကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့ ဆွေးနွေးသင့်တယ်၊ တိုင်ပင်သင့်တယ်လို့ ကျွန်တော်မြင်ပါတယ်”ဟု ရှမ်းပြည်နယ်အလုပ်အဖွဲ့မှ ကိုအောင်ကျော်မိုး က ပြောသည်။ 

မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေး -၂၀၃၀ စီမံကိန်းနှင့်ပတ်သက်၍ မေ ၂၂ ရက်က ပြည်သူ့လွှတ်တော်၌ ဆွေးနွေးခဲ့ရာတွင် ရေအားမှ ၃၂ ရာခိုင်နှုန်း၊ ကျောက်မီးသွေးမှ ၃၃ ရာခိုင်နှုန်း၊ ဓာတ်ငွေ့မှ ၂၀ ရာခိုင်နှုန်း၊ ပြန်ပြည့်မြဲစွမ်းအင် ၉ ရာခိုင်နှုန်း၊ အကြီးစားရေအားလျှပ်စစ်မှ ၆ ရာခိုင်နှုန်းပါဝင်နေပြီး၊ ပြန်ပြည့်မြဲစွမ်းအင် ထုတ်လုပ်ဖြန့်ဝေပေးနိုင်ရန် ကျေးလက်နေပြည်သူများကိုယ်တိုင် ဆုံးဖြတ်စီမံဆောင်ရွက်နိုင်သော မူဝါဒများကို နိုင်ငံတကာ စံချိန်စံညွှန်များနှင့်အညီ ချမှတ်ကာ နိုင်ငံတော်မှ အားပေးလုပ်ဆောင်ရန် ဆွေးနွေးအကြံပြုခဲ့ကြောင်းသိရသည်။ 

ဓာတ်အားလိုင်းများမှ လျှပ်စစ်လေလွင့်မှုမရှိစေရေးအတွက် သက်ဆိုင်ရာ ဝန်ထမ်းများကို စွမ်းရည်မြင့်တင်ပေးခြင်း၊ လျှပ်စစ်သုံးစွဲသူများကို အသိပညာပေးခြင်း၊ ပွင့်လင်းမြင်သာရှိရေး၊ တည်ငြိမ်သောလျှပ်စစ်စွမ်းအားကို ပြည်သူများ သုံးစွဲနိုင်ရေး၊ ဗဟိုချုပ်ကိုင်မှုလျှော့ချရေး၊ တစ်ပိုင်တစ်နိုင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမည့် ဒေသခံကုမ္ပဏီများအား အစိုးရက ကူညီပံ့ပိုးရေးစသည့် အချက် ၇ ချက်ပါ အကြံပြု ချက်များပါဝင်သည့် ထုတ်ပြန်ကြေညာချက် တစ်စောင်ကိုလည်း ဤဖိုရမ်မှ ထုတ်ပြန်ခဲ့သည်။ 

သန့်ဇင်ဝင်း