နေပြည်တော် ၁၂ ဇွန်  


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးမှ မြို့နယ်ဦးစီးမှူးနှင့် တိုက်နယ်မှူးများသည် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ခြင်း၊ အိမ်ထောင်စုဇယား ပြုလုပ်ခြင်း နှင့် မွေး/တိုးစာရင်း ပြုလုပ်ခြင်းတို့အပေါ် ငွေကြေးတောင်းခံရယူ ဆောင်ရွက်ပေးနေခြင်းအား အရေးယူပေးရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့သည်။


တိုင်ကြားစာအရ ကော်မရှင်သည် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လားရှိုးမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီး မှူး ဦးကျော်ကျော်လင်းသည် နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်ရန်၊ မွေး/တိုးပြုလုပ်ရန်နှင့် အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရန်တို့အတွက် စုစုပေါင်း ငွေကျပ် (၁၂)သိန်း (၈)သောင်းကိုလည်းကောင်း၊ ဒုတိယလူဝင်မှု ကြီးကြပ်ရေးမှူး ဒေါ်ကြည်ကြည်ညွန့်သည် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရန်အတွက် ငွေကျပ် (၁၀)သိန်း ကိုလည်းကောင်း၊ 


ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူး ဦးရန်ဝင်းအောင်သည် နိုင်ငံသားစိစစ်ရေး ကတ်ပြား လဲလှယ်ရန်အတွက် ငွေကျပ်(၁၅)သိန်းကို လည်းကောင်း၊ လက်ထောက်လူဝင်မှု ကြီးကြပ်ရေးမှူး ဦးထက်ဝင့်အောင်သည် အိမ်ထောင်စုစာရင်း ပြုလုပ်ရန်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရန် တို့အတွက် ငွေကျပ် (၂၁)သိန်း၊ အကျိုးဆောင်အဖြစ် ဆောင်ရွက်သူ ဒေါ်မာရှောက်ဆန်းထံမှ နိုင်ငံသား စိစစ်ရေးကတ်ပြား (၁၀)ခု ပြုလုပ် ပေးခြင်းအတွက် ငွေကျပ်(၅)သိန်းနှင့် မွေး/တိုးပြုလုပ်ခြင်းအတွက် ငွေကျပ် (၆ ဒသမ ၈) သိန်းတို့ကိုလည်းကောင်း၊ 


လက်ထောက်လူဝင်မှု ကြီးကြပ်ရေးမှူး ဒေါ်အိအိမွန်အောင်သည် အိမ်ထောင်စု စာရင်း ပြုလုပ်ခြင်း၊ မွေး/တိုး ပြုလုပ်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ခြင်းတို့ အတွက်ငွေကျပ်(၁၄)သိန်း၊ မွေး/တိုးပြုလုပ်ခြင်း အတွက် ငွေကျပ် (၂)သိန်း တို့ကိုလည်းကောင်း၊ လက်ထောက် လူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်ခင်မေထွန်းသည် အိမ်ထောင်စုစာရင်း အမည်ပြင်ဆင်ခြင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ခြင်းတို့အတွက် ငွေကျပ် (၉)သိန်းကို လည်းကောင်း တောင်းခံရယူခဲ့ခြင်းတို့သည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိ လိုက်စား မှု ကျူးလွန်ခဲ့သည်ကို တွေ့ရှိရကြောင်း။

 
လက်ထောက်လူဝင်မှု ကြီးကြပ်ရေးမှူး ဉီးကျော်သူဟိန်းသည် မြို့နယ်ဉီးစီးမှူး ဦးကျော်ကျော်လင်း အိမ်ထောင်စုခွဲခြင်း၊ မွေး/တိုး ပြုလုပ်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ခြင်းတို့အတွက် တောင်းခံထား သည့် ငွေကျပ် (၁၂)သိန်း (၈)သောင်းကို လက်ခံရယူပေးခဲ့ခြင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြား (၁၀)ခု ပြုလုပ်ခြင်းအတွက် ဒေါ်မာရှောက်ဆန်းက ဦးထက်ဝင့်အောင်ထံမှ ငွေကျပ် တစ်သိန်း လက်ခံရယူခဲ့ခြင်းဖြင့် ပူးပေါင်းကြံစည်ခြင်း၊ အားပေးကူညီခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လားရှိုးမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးကျော်ကျော်လင်း၊ ဒုတိယလူဝင်မှု ကြီးကြပ်ရေးမှူး ဒေါ်ကြည်ကြည်ညွန့်နှင့် ဦးရန်ဝင်းအောင်၊ လက်ထောက်လူဝင်မှု ကြီးကြပ်ရေးမှူး ဦးထက်ဝင့်အောင်၊ ဒေါ်အိအိမွန်အောင်နှင့် ဒေါ်ခင်မေထွန်းတို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ လည်းကောင်း၊ လက်ထောက်လူဝင်မှု ကြီးကြပ်ရေးမှူး ဉီးကျော်သူဟိန်း နှင့် ဒေါ်မာရှောက်ဆန်းတို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ အရလည်းကောင်း လားရှိုးမြို့မရဲစခန်းတွင် ယနေ့ရက်စွဲဖြင့် ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သတင်းရရှိသည်။ 


သတင်းစဉ်