နေပြည်တော် ၁၂ ဇွန်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ယမန်နေ့ မွန်းလွဲ ၂ နာရီက ကမ္ဘာ့ဘဏ်၏ The World Bank Environment and Natural Resources Program မှ Regional Manager , Mr. Christophe Crepin နှင့်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ရေငန်ငါးလုပ်ငန်းစီမံခန့်ခွဲမှုအတွက် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် ဒိန်းမတ်နိုင်ငံ၊ နိုင်ငံတကာ အပင်နှင့်အကောင်များ ထိန်းသိမ်းရေးအဖွဲ့၊ သားငှက်ထိန်းသိမ်းရေး အဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ ရေချိုငါးလုပ်ငန်း စီမံခန့်ခွဲမှုနှင့် ငါးလုပ်ငန်း ရေရှည်ဖွံ့ဖြိုးရေး တို့အတွက် FAO , GIZ ဒိန်းမတ်နိုင်ငံ၊ ရေနေသက်ရှိအရင်းအမြစ်များ စီမံခန့်ခွဲမှုဆိုင်ရာ နိုင်ငံတကာ ဗဟိုဌာန World Fish တို့နှင့်ပူးပေါင်းဆောင်ရွက်နေမှု၊ ကမ္ဘာ့ဘဏ်မှ စတင်မိတ်ဆက်ခဲ့သော မြန်မာနိုင်ငံပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာချက်တွင် ငါးကဏ္ဍဆိုင်ရာ တွေ့ရှိချက်၊ အရေးကြီးသောအကြံပြုချက်၊ မြန်မာနိုင်ငံပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာချက်များကို ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် ရှင်းလင်းချပြနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှု၊ မြန်မာနိုင်ငံ၏ ငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့လာချက် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်