ဆီရမ်ရိ (ပ်) ၁၂  ဇွန် 

ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရီ (ပ်)  မြို့၌  ဇွန် ၁၂ ရက်မှ ဇွန် ၁၄ ရက်အထိ ကျင်းပသည့် (၁၆) ကြိမ်မြောက် အာရှမီဒီယာထိပ်သီးညီလာခံ (16th Asia Media Summit) ၏ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်  ၉  နာရီတွင် ကျင်းပသည်။

ရှေးဦးစွာ  ကမ္ဘောဒီးယားနိုင်ဝန်ကြီးချုပ် ဆန်ဒက်ဟွန်ဆန်က အဖွင့်အမှာ စကားပြောကြားသည်။

ဆက်လက်၍ ထိပ်သီးညီလာခံ ၏ ဝန်ကြီးအဆင့် ဆွေးနွေးပွဲကို  “How we can adapt to Digital Revolution” ခေါင်းစဉ် ဖြင့် ကျင်းပရာ  ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ကမ္ဘောဒီးယားနိုင်ငံ ပြန်ကြား ရေး ဝန်ကြီး Dr. Kheiu Kanharith ၊ ဖိလစ်ပိုင်နိုင်ငံ ပြန်ကြားရေးဝန်ကြီး Mr. Jose Ruperto Martin M. Andanar ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြန်ကြားရေးဝန်ကြီး Dr. Hasan Mahmud  ကိုရီးယားသမ္မတနိုင်ငံ ဆက်သွယ်ရေး ဒုတိယဝန်ကြီး Dr. Sam Seog Ko နှင့်ဆာမိုအာကျွန်းနိုင်ငံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဒုတိယဝန်ကြီး Mr. Lealailepule Rimoni Aiafi တို့က ဦးဆောင် ဆွေးနွေးသူများအဖြစ် ပါဝင် တက်ရောက်ဆွေးနွေးခဲ့ကြသည်။

 

2+

 

မွန်းလွဲပိုင်းတွင် ဝန်ကြီးအဆင့်အစည်းအဝေး (Ministerial Sideline Meeting) ကို ဆက်လက်ကျင်းပရာ တက်ရောက်လာကြသည့် ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများနှင့် AIBD မှ တာဝန်ရှိသူများက သတင်းတု (Fake News) တိုက်ဖျက်ရေးကဏ္ဍတွင် ပူးပေါင်ဆောင်ရွက်ရေးဆိုင်ရာကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြ သည်။

(၁၆)ကြိမ်မြောက် အာရှမီဒီယာ ထိပ်သီးညီလာခံ အစည်းအဝေးအား အာရှ-ပစိဖိတ် ရုပ်သံလွှင့်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန  (AIBD) နှင့် ကမ္ဘော ဒီးယားနိုင်ငံ အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနတို့က ပူးပေါင်း၍ ကျင်းပပြုလုပ်ခြင်း ဖြစ်ပြီး အစည်းအဝေးသို့ အာရှ-ပစိဖိတ် ဒေသတွင်းနှင့် ဒေသပြင်ပရှိ နိုင်ငံပေါင်း(၄၂) နိုင်ငံမှ သတင်းအချက် အလက်နှင့် မီဒီယာဆိုင်ရာ အကြီးအကဲများ၊ အဆင့်မြင့် အရာရှိကြီးများ၊ AIBD ဥက္ကဌ Mr.Fayyaz Shehryar ၊ မီဒီယာ ကျွမ်းကျင်သူများ၊ မူဝါဒချမှတ်သူများနှင့် စိတ်ပါဝင်စားသူ ကိုယ်စားလှယ် ပေါင်း  ၆၀ဝ   ခန့် တက်ရောက်ကြသည်။

အာရှ-ပစိဖိတ် ရုပ်သံလွှင့်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာန  (AIBD) ကို UNESCO ၏ အစီအစဉ်ဖြင့် မလေးရှားနိုင်ငံ ၌   ၁၉၇၇  ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး လက်ရှိတွင် ဒေသတွင်း တင်းပြည့် အဖွဲ့ဝင်  ၂၆ ဖွဲ့ နှင့် အာရှ၊ ပစိဖိတ်၊ ဥရောပ၊ အာဖရိက၊ အာရပ်နှင့် မြောက်အမေရိက စသည့် ဒေသများရှိ မိတ်ဖက်အဖွဲ့အစည်းပေါင်း  ၅၀   ကျော် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) သည် အာရှ-ပစိဖိတ် ရုပ်သံလွှင့် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာန  (AIBD) သို့ တင်းပြည့်အဖွဲ့ဝင်အဖြစ် ၂၉-၇-၁၉၉၇   ရက်တွင် ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)