နေပြည်တော်   ၁၂  ဇွန် 
       
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှုထွန်းသည် ယနေ့တွင် မကွေးတိုင်း ဒေသကြီးအတွင်းရှိ မကွေး၊ မင်းဘူး၊ အောင်လံမြို့နယ်များရှိ ပြန်/ဆက်ရုံး များနှင့် မင်းဘူးရုပ်သံ ထပ်ဆင့်လွှင့် စက်ရုံတို့ကို  လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဒုတိယဝန်ကြီးသည်  နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ ရောက်ရှိပြီး တိုင်းဒေသကြီး ဝန်ကြီးများဖြစ်ကြသည့် ဗိုလ်မှူးကြီး မင်းဦး၊ ဦးတင်နွယ်ဦး၊ ဦးမြင့်ဆွေနှင့် တာဝန်ရှိသူများအား တွေ့ဆုံ၍ လာမည့်ပွင့်လင်းရာသီတွင် မကွေးမြို့၌ လူငယ်ဘက်စုံဖွံ့ဖြိုး ရေးပွဲတော် ကျင်းပနိုင်ရန် လျာထားမှုနှင့် ဆောင်ရွက်နိုင်မှု အခြေအနေကို  ညှိနှိုင်းဆွေးနွေးကာ မကွေးတက္ကသိုလ်အတွင်း ကွင်းဆင်းကြည့်ရှု လေ့လာသည်။

ထို့နောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ မင်းဘူးရုပ်သံထပ်ဆင့်လွှင့် စက်ရုံကို လည်းကောင်း၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် လူထုအခြေပြု ဗဟိုဌာနအဖြစ် ဖွင့်လှစ်ဆောင်ရွက် နေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် မကွေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရုံးနှင့် ညနေပိုင်းတွင် အောင်လံ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနုရုံးတို့တွင် လူထုအခြေပြု ဗဟိုဌာနအဖြစ် ဖွင့်လှစ်ဆောင်ရွက်နေမှုတို့ကို   ကြည့်ရှုစစ်ဆေးသည်။       

ဒုတိယဝန်ကြီးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးများကို စစ်ဆေးစဉ် လူထုအခြေပြု ဗဟိုဌာန များအဖြစ် ပြောင်းလဲဆောင်ရွက်လျက်ရှိရာ  အများပြည်သူ ဝင်ထွက်သွားလာပြီး အသုံးပြုနိုင်ရန်အတွက် အဆောက်အအုံများ ကြံ့ခိုင်မှုကောင်းမွန်ရန်အပြင် သန့်ရှင်းသာယာ လှပစေရေး စီမံဆောင်ရွက်ရန်၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြောင်းလဲတိုးတက်နေသော အချိန်ကာလ/ နည်းပညာရပ်များနှင့်အညီ လိုက်ပါပြောင်းလဲ ဆောင်ရွက်နိုင်ရန်၊ နယ်မြေဒေသဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်မှုတွင် နိုင်ငံချစ်စိတ်ဖြင့် သတ်မှတ်လုပ်ငန်းတာဝန်များကို ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းများ စည်းလုံးညီညွတ်မှုဖြင့် လုပ်ငန်းတာဝန်များကို ပျော်ရွှင်တက်ကြစွာ ထမ်းဆောင်ကြရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များ အပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)