ကသာ ၁၃ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ် သိမ်အင်းကျေးရွာရှိ ဘိုးဘိုးကြီး နတ်ကြီးစင်၌ ရိုးရာနတ်ကြီးတက်ပွဲကို ယနေ့နံနက် ၇ နာရီ အချိန်က ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ နတ်ကြီးတက်ပွဲတွင် မိမိတို့ကျေးရွာ အတွင်းရှိ မိသားစုတစ်အိမ်ချင်းရှိ လူဦးရေစာရင်း၊ တိရစ္ဆာန်စာရင်းများကို ရွာလုံးကျွတ် ကောက်ယူခဲ့ပြီး သစ်သီးဝလံများ၊ ထမင်းဟင်းများ ယူဆောင်၍ ရွာရှိအမျိုးသားများက နတ်ကြီးစင်သို့ သွားရောက်ပူဇော်ပသခဲ့သည်။
ထူးခြားသည်မှာ အဆိုပါ နတ်ကြီးတက်ပွဲတွင် အမျိုးသမီးများ လိုက်ပါခွင့်မရှိကြောင်းလည်း သိရသည်။ နတ်ကြီးစင်ရောက်သည့်အခါ ယူဆောင်လာသော ထမင်းများချက်ခြင်း၊ သစ်သီးဝလံများကို အားလုံးရောချက်ကာ ချက်ပြုတ်၍ ဘိုးဘိုးကြီးနတ်ကြီးစင်တွင် ပူဇော်ပသခဲ့ကြကြောင်း သိရသည်။
ယခုကဲ့သို့ပြုလုပ်ခြင်းသည် မိမိကျေးရွာအတွင်းနှင့် ကျေးရွာပတ်ဝန်းကျင်တွင်ဘေးအန္တရာယ် ကင်းရှင်းခြင်း၊ ကျန်းမာရေး ကောင်းမွန်ခြင်း၊ စိတ်ချမ်းသာခြင်းများ အကျိုးသက်ရောက်မှုရှိကြောင်း၊ အစဉ်အလာအရ ယုံကြည်အားကိုးမှု ရှိခဲ့ကြပြီး ယခုနှစ်တွင်လည်း ဤအစဉ်အလာကို ထိန်းသိမ်းသည့်အနေဖြင့် အဆိုပါနတ်ကြီးတက်ပွဲကို မိုးထဲလေထဲ ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
လူအောင် (ကသာ)


