ရန်ကုန် ၁၃ ဇွန်
သီလဝါအထူးစီးပွားရေးဇုန်မှ ဆောက်လုပ်လှူဒါန်းသည့် ကျောက်တန်းမြို့နယ်၊ အေးမြသီတာရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရဲတပ်ရင်း၊ တစ်ထပ်ကျောင်းဆောင်သစ် အဆောက်အဦဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါကျောင်းဆောင်သစ်တွင် ကျင်းပခဲ့ သည်။
အဆိုပါ တစ်ထပ်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားတွင် သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဆက်အောင်က အမှာစကားပြောကြားခဲ့ပြီး မြန်မာ-ဂျပန် သီလဝါဖွံ့ဖြိုးတိုးတက်ရေး လီမိတက်မှ အမှုဆောင်အရာရှိချုပ် Mr. Tomoyasu Shimizu က တစ်ထပ်ကျောင်းဆောင်သစ် အဆောက်အဦကို ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းအပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုမာက လက်ခံရယူပြီး အမှတ်တရလက်ဆောင် ပြန်လည် ပေးအပ်ခဲ့သည်။
ထို့နောက် ပညာရေးဝန်ကြီးဌာနကိုယ်စား တိုင်းပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးစိန်ဝင်းက ကျေးဇူးတင်ဝမ်းမြောက်စကား ပြန်လည်ပြောကြားခဲ့သည်။ ယနေ့ဖွင့်လှစ်သော တစ်ထပ်အဆောက်အဦသစ်သည် အလျားပေ ၁၈၀၊ အနံ ပေ ၃၀ ရှိကာ ၆ ခန်းတွဲ စာသင်ဆောင်အဆောက်အဦဖြစ်ကြောင်း သိရသည်။အခြေခံပညာအထက်တန်းကျောင်းခွဲတွင် KG တန်းမှ တက္ကသိုလ်ဝင်တန်းအထိ ကျောင်းသားကျောင်းသူ ၉၆၉ ဦး ပညာသင်ကြားလျက်ရှိသည်။ ကျောင်းအနီးတွင် ကျေးရွာ ၆ ရွာခန့်ရှိပြီး အဆိုပါကျေးရွာများမှ ကျောင်းသားကျောင်းသူများအပြင် သီလဝါအထူး စီးပွားရေးဇုန်တွင် လာရောက်အလုပ်လုပ်ကိုင်ကြသော ရွှေ့ပြောင်းလုပ်သားများ၏ သားသမီးများပါ လာရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ မြန်မာ-ဂျပန် သီလဝါဖွံ့ဖြိုးတိုးတက်ရေးလီမိတက်မှ လူမှုဆက်ဆံရေးအရာရှိ ဒေါ်အိအိခိုင်က “ဒီကျောင်းက အရင်က အလယ်တန်းကျောင်းပါ။ အလယ်တန်းကျောင်းကနေ အထက်တန်းကျောင်းခွဲ အဖြစ် အဆင့်တိုးမြှင့်လိုက်တဲ့အခါမှာ ကလေးတွေက ၉ တန်း၊ ၁၀ တန်းအထိ ပညာသင်ကြားရတယ်။ ဒါပေမယ့် ကျောင်းခန်းက အခက်အခဲဖြစ်နေတယ်။ စာသင်ဖို့နေရာကလည်း မရှိဘူး။ နောက်တစ်ခုက သီလဝါအထူးစီးပွားရေးဇုန်ကြီး တိုးတက်လာတာနဲ့အမျှ လာပြီးအလုပ်လုပ်တဲ့ မိသားစုတွေ ပြောင်းရွှေ့ နေထိုင်လာကြတယ်။ အဲဒီက ကလေးတွေကလည်း ဒီကျောင်းမှာ အများဆုံးနေထိုင်လာတဲ့အခါမှာ ဒီနှစ်ဆို ကျောင်းသား အင်အားက ၁၀ဝ လောက်တိုးလာတယ်။ အဲဒီလိုနဲ့ စာသင်ဖို့ စာသင်ခန်းအခက်အခဲ အရမ်းဖြစ်နေတဲ့အခါမှာ ကျွန်မတို့ကလည်း ဒီဒေသတွေဖွံ့ဖြိုးတိုးတက်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတာ ဖြစ်တဲ့အတွက် ဒီ ၆ ခန်းတွဲ စာသင်ခန်းကို လှူဒါန်းရခြင်းဖြစ်ပါတယ်” ဟု ပြောကြားသည်။
ရွှေ့ပြောင်းလုပ်သားမိသားစုများ များပြားလာပြီး ကျောင်းသားဦးရေမှာ နှစ်စဉ်တိုးပွားလျက်ရှိကြောင်း သိရသည်။ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူ ၆၁၂ ဦး၊ ၂၀၁၈- ၂၀၁၉ ပညာသင်နှစ် တွင် ၇၃၈ ဦးနှင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်(ယခုနှစ်) တွင် ၉၆၉ ဦးအထိ တစ်နှစ်လျှင် ကျောင်းသား ကျောင်းသူအသစ် ၁၀ဝ နီးပါး တိုးတက်များပြားလာခဲ့ကြောင်း သိရသည်။
ကျောင်းကို အလယ်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်စုစုမာ အပါအဝင် ဆရာ၊ ဆရာမ ၂၃ ဦးဖြင့် ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မြန်မာ-ဂျပန်သီလဝါဖွံ့ဖြိုးတိုးတက်ရေးလီမိတက်မှ ယနေ့လှူဒါန်းမှုမှာ အဆောက်အဦအပါအဝင် ကျောင်းသုံးပရိဘောဂပစ္စည်း စုစုပေါင်းတန်ဖိုး ကျပ် ၁၆၉၉ သိန်းခန့် တန်ဖိုးရှိကြောင်း သိရသည်။
ထင်ပေါ်ဝင်း၊ ဓာတ်ပုံ - ထိန်လင်း


