ပူတာအို ၁၃ ဇွန်
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပူတာအိုခရိုင်ရုံးဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အားလပ်ချိန်များတွင် စာအုပ်စာပေလေ့လာခြင်းဖြင့် အချိန်ကို အကျိုးရှိရှိအသုံးပြုစေရန်အတွက် ယနေ့ မွန်းတည့် ၁၂ နာရီတွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာရုံးများနှင့် လူစည်ကားရာနေရာများသို့ ကလေးစာပေပွဲတော်(ပူတာအို)တွင် အလှူရှင်များက လှူဒါန်းသောစာအုပ်စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ ညနေ ၃ နာရီတွင် အခြေခံပညာအလယ်တန်းကျောင်း(မြို့မ)တွင် စာပေဖတ်ရှုမှုအလေ့အထကောင်းများရှိစေရန်နှင့် စာဖတ်စွမ်းရည်တိုးတက်လာစေရန်အတွက် ကလေးစာပေများ သွားရောက်ငှားရမ်းပေးခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန၊ ဒုတိယဦးစီးမှူး ဦးစိုးမိုးနိုင်က ကျောင်းစာပြင်ပစာပေများလေ့လာခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများနှင့် စာဖတ်နည်းစနစ်များအကြောင်း ပြောကြားကာ "ဉာဏ်ကောင်းလွန်းသော ယုန်ကလေး" ပုံပြင်စာအုပ်ကို လက်တွေ့ဖတ်ပြသည်။
ထို့နောက် ကျောင်းသားကျောင်းသူများအား လက်တွေ့ဂဏန်းအမှန်ရေး၊ အမှားအမှန်ရွေးခြင်း၊ ပဟေဠိများဖြေကြားခြင်း၊ အပေါင်းအနုတ်အမြှောက်အလီပေါင်း ကလေးစာအုပ်များကို ခဲတံများဖြင့် လက်တွေရေးသားစေခြင်းနှင့် ဖတ်၊ မှတ်၊ ပြော စွမ်းရည်ပြိုင်ပွဲများ ကျင်းပပေးပြီး ကျောင်းသားကျောင်းသူ များက ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါအန္တရာယ်ဆိုင်ရာ ပိုစတာများ၊ အေးချမ်းသာယာပြည်မြန်မာ ပိုစတာများ လေ့လာကြသည်။
ရွေ့လျားစာကြည့်တိုက်တွင် ပူတာအိုခရိုင် ကလေးစာပေပွဲတော်တွင်လှူဒါန်းခဲ့သော စာအုပ်ပေါင်း ၃၉၃၁ အုပ်အနက်မှ သုတ/ရသစာအုပ်များ၊ ရုပ်ပြ၊ မဂ္ဂဇင်းနှင့် ကလေးအပျော်ဖတ်စာအုပ်များ၊ ပညာပေးစာစောင် ၁၈၀ ကို စာဖတ်ပရိတ်သတ် လက်ဝယ်အရောက် ငှားရမ်းခဲ့ကြောင်း သိရသည်။
ဆန်းညွန့်(ပူတာအို)