ရန်ကုန် ၁၃ ဇွန်
၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပမည့် (၁၀) ကြိမ်မြောက် မဲခေါင်စာပေဆုပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်လိုသော စာအုပ်များကို မြန်မာနိုင်ငံစာရေးဆရာအသင်းက ဖိတ်ခေါ်လျက်ရှိကြောင်းသိရသည်။
ပြိုင်ပွဲဝင် စာမူရှင်သည် ဝတ္ထုတို၊ ဝတ္ထုရှည်၊ ကဗျာပေါင်းချုပ် အမျိုးအစားများတွင် ဘာသာရပ်တစ်မျိုးမျိုးဖြင့်သာ ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ်အတွင်းက အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ပုံနှိပ်ထုတ်ဝေဖြန့်ချိခဲ့သော စာအုပ်ဖြစ်ရမည် ဖြစ်သည့်အပြင် ပြိုင်ပွဲဝင်စာအုပ်သည် " စာပေက မွေးဖွားပေးသော ရင်းနှီးချစ်ကြည်သွေးစည်းမှု" အတွက် ဦးတည်ရည်ရွယ်ချက်ဖြင့် ရေးသားပြုစုထုတ်ဝေခဲ့သည့်စာအုပ်မျိုး ဖြစ်ရမည် ဖြစ်သည်။
ပြိုင်ပွဲဆိုင်ရာ အသေးစိတ်အချက်အလက်များကို မြန်မာနိုင်ငံစာရေးဆရာ အသင်းရုံး၊ အမှတ်(၁၇၃/၁၇၅)(၇လွှာ)၊ ပန်းဆိုးတန်းလမ်း(အလယ်ဘလောက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်းနံပါတ် ဝ၁ ၂၅၂၄၁၇၊ ဝ၁ ၃၈၅၂၇၃ သို့ ဆက်သွယ်စုံစမ်းနိုင်ပြီး ပြိုင်ပွဲဝင်လျှောက်လွှာပုံစံများကို ရယူဖြည့်စွက်ကာ သတ်မှတ် ဝင်ကြေးနှင့်အတူ သြဂုတ် ၁၅ ရက် နောက်ဆုံးထား၍ မြန်မာနိုင်ငံစာရေးဆရာအသင်း ရုံးသို့ ပေးပို့တင်သွင်းရမည်ဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)