နေပြည်တော်  ဇွန်  ၁၃


    
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်၍ ခုံအဖွဲ့ဝင်များအဖြစ် ဦးစိုးရယ်နှင့် ဦးထွန်းခင်တို့ ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့(၂)သည် မန္တလေးတိုင်းဒေသကြီး၊ ရှမ်းတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခြင်းခံထားရသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ  ဦးစိုင်းပန်းဆိုင်(ခ) ဦးစိုင်းထွန်းစိန်(ခ) ဦးကျော်စိန်အပေါ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ရှမ်းတိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်နန်းထွေးမှုံက ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် ကန့်ကွက် လျှောက်ထားသည့် ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၂/၂၀၁၈)ကို သက်ဆိုင်ရာရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၉ (က) (၁)အရ ကြားနာစစ်ဆေးခဲ့သည်။ 


    
ထိုသို့ ရွေးကောက်ပွဲခုံအဖွဲ့(၂)က ကြားနာစစ်ဆေးပြီးနောက် မန္တလေးတိုင်းဒေသကြီး၊ ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တွင် ရှမ်းတိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဦးစိုင်းပန်းဆိုင်(ခ) ဦးစိုင်းထွန်းစိန်(ခ)ဦးကျော်စိန်အား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင် အတည်ဖြစ်ကြောင်းနှင့် လျှောက်ထားသူ ဒေါ်နန်းထွေးမှုံ၏ ကန့်ကွက်လွှာကို ပယ်ကြောင်း       ယနေ့တွင် ရွေးကောက်ပွဲခုံအဖွဲ့ (၂)က ဆုံးဖြတ်ပြီး တရားစရိတ် ငွေကျပ် နှစ်သိန်း တိတိအား လျှောက်ထားသူက လျှောက်ထားခံရသူအားပေးစေရန် ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိ သည်။


    
( သတင်းစဉ် )