လွိုင်ကော် ၁၃ ဇွန် 


ကယားပြည်နယ် လွိုင်ကော်မြို့ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကန္ဒာရဝတီတံတားကို ပြန်လည်တည်ဆောက်လျက်ရှိရာ ယခုနှစ် စက်တင်ဘာလအတွင်း အပြီးတည်ဆောက်ပေးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ တံတားအထူးအဖွဲ့ ၆ မှ သိရှိရသည်။


“၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်းမှာ တံတားကြီးတည်ဆောက်မှုက ကန္ဒာရဝတီတံတား တစ်စင်းသာ ရှိပါတယ်။ ဒီတံတားကို ၂၀၁၉ခုနှစ် ဧပြီ ၁ရက်မှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ၃၅ ရာခိုင် နှုန်းတော့ ပြီးစီးနေပါပြီ။ လာမယ့် စက်တင်ဘာလကုန်ကို အပြီးတည်ဆောက်သွားဖို့ ကြိုးပမ်းနေပါတယ်”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားအထူးအဖွဲ့ ၆ နေပြည်တော်မှ ဦးစီးအရာရှိ ဦးမြင့်သူက ပြောကြားသည်။


လက်ရှိတွင် အောက်ခံအုတ်မြစ်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ တံတားသည် အရှည် ၃၀၄ ပေ ၉ လက်မခန့်ရှိပြီး ယခင်က ယာဉ်သွားလမ်းအကျယ် ၂၂ ပေနှင့် လူသွားလမ်း ဘေးနှစ်ဘက် သုံးပေစီ၊ စုစုပေါင်း ၂၈ ပေရှိသည့် နှစ်လမ်းသွားတံတားမှ ယခုအခါ ထပ်မံတိုးချဲ့တည်ဆောက် ထားခြင်းကြောင့် ယာဉ်သွားလမ်းအကျယ် ၄၄ ပေနှင့် လူသွားလမ်း ဘေးနှစ်ဘက် နှစ်ပေစီ၊ စုစုပေါင်း ၄၈ ပေ ခန့် လေးလမ်းသွားတံတားအဖြစ် တည်ဆောက်နေခြင်းဖြစ်ကြောင်း တံတားအထူးအဖွဲ့ ၆ မှ သိရှိရသည်။


ကန္ဒာရဝတီတံတားကို ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေခွင့်ပြုမှုဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ရန်ပုံငွေ  ကျပ် သန်း ၈၀ဝ ချမှတ်ကာ တည်ဆောက်နေခြင်းဖြစ်သည်။ ထို့အပြင် လုပ်ငန်းလိုအပ်ချက်အရ ထည့်သွင်းရမည့် အမြဲတမ်းအလှမီးများ၊ ဂုံးများနှင့် ချဉ်းကပ်လမ်းများ၊ နိုင်လွန်ကတ္တရာခင်းခြင်း လုပ်ငန်းများအတွက် ဘဏ္ဍာငွေ ကျပ် သန်း ၁၆၀ ဆက်လက်တောင်းခံထားကြောင်း သိရှိရသည်။


မူလ ကန္ဒာရဝတီတံတားကို သစ်သားတံတားမှ ၁၉၈၅ခုနှစ်တွင် ကွန်ကရစ်တံတားအဖြစ် အဆင့်ဆင့်ပြောင်းလဲ တည်ဆောက်ထားခဲ့ကြောင်း၊ နှစ်လမ်းသွားတံတားအဖြစ် နှစ်ပေါင်း ၃၀ ကျော် ကြာမြင့်လာပြီဖြစ်သည့်အတွက်  ပိုမိုကြံ့ခိုင်မှုရှိစေရန်နှင့် လေးလမ်းသွားအဖြစ် မော်တော်ယာဉ်များ ပိုမိုလွယ်ကူစွာ ဖြတ်သန်းသွားလာနိုင်ရန် အတွက် ပြုပြင်တည်ဆောက်ခြင်းဖြစ်ကြောင်း ဦးမြင့်သူက ဆက်လက်ပြောကြားသည်။


ဘီလူးချောင်းကို ဖြတ်သန်းတည်ဆောက်ထားသည့် ကန္ဒာရဝတီတံတားသည် လွိုင်ကော်မြို့ မင်းစုနှင့် ရွှေတောင် ရပ်ကွက်တို့အကြား တည်ရှိပြီး ပြည်ထောင်စုလမ်းမ၏ မိုင်တိုင် ၁၃၀/၅ နှင့် ၁၃၀ /၆ တို့တွင် တည်ရှိခြင်း ဖြစ်သည်။ အဆိုပါတံတားတည်ရှိရာ လမ်းသည် ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့ရှိ မြို့နယ်များထံ သွားလာ ရာတွင် အဓိကကျသည့် လမ်းမတစ်ခုဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး တောင်ငူ-လိပ်သို-ယာဒို ဒေသများအထိလည်း ဖြတ်သန်းသွားလာနိုင်သည့်အတွက် တံတားတည်ဆောက်ရေး ပြီးစီးပါက ယခင်ကထက် မော်တော်ယာဉ်များ ပိုမိုလွယ်ကူစွာ သွားလာနိုင်တော့မည်ဖြစ်သည်။ 


ကယား (ပြန်/ဆက်) သင်တန်းသားများ