လွိုင်ကော် ၁၃ ဇွန်
ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် ပိုမိုဝင်ရောက်လာစေရေးအတွက် အထူးအလေးပေး ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ် ရင်းနှီးမြုပ်နှံမှုကော်မတီ အစည်းအဝေး (၅/၂၀၁၉) ကို ယနေ့ ညနေ ၄ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ကော်မတီဝင်များအနေနှင့် လုပ်ငန်းများကို မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးပြီး ပြည်ထောင်စုအဆင့်သို့ တင်ပြပေးလျက်ရှိကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက တင်ပြပေးစေလိုပြီး ရင်းနှီးမြှုပ်နှံသူများကလည်း မြို့ပေါ်တွင်သာမက ကျေးလက်ဒေသများတွင် လာရောက် ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်မေမျိုးဇော်က အစည်းအဝေး(၄/၂၀၁၉) ဆုံးဖြတ်ချက်မှ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ပြင်ပမှ စီပွားရေးပညာရှင်များ ဖိတ်ခေါ်၍ စီးပွားရေး အသိပညာပေး ဆွေးနွေးပွဲ ကျင်းပနိုင်ရေးကိစ္စနှင့် ကားကြီးဂိတ်ဝန်ဆောင်မှုလုပ်ငန်းအတွက် ဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များကို ဆွေးနွေးတင်ပြပြီး ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တင်ပြချက်အပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးကြသည်။

ထို့နောက် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌက ဟိုတယ်တည်ဆောက်၍ ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် အတည်ပြုမိန့်ကို Orchestra Co.,Ltd အား ထုတ်ပေးခဲ့ကြောင်း သိရသည်။
လွိုင်ကော်သား