ငါးသိုင်းချောင်း ၁၃ ဇွန်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အစီအစဉ်ဖြင့် တာတမံထိန်းသိမ်းနည်းနှင့် ရေဘေးကြိုတင်ကာကွယ်ရေးသရုပ်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲက ငါးသိုင်းချောင်းမြို့ ငဝန်ရေကာတာ ဗောဓိရေကင်းစခန်း အမှတ်(၂)၊ တာမိုင် (၄၆/ဝ)တွင် ကျင်းပရာ ရေကြည်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ငါးသိုင်းချောင်းမြို့ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့၊ မြို့သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

 

mdn

 

ရှေးဦးစွာ ငဝန်ရောကာတာ ဗောဓိရေကင်းစခန်း ယာယီရှင်းလင်းဆောင်တွင် တာတမံထိန်းသိမ်းခြင်းနှင့် ဆည်မြောင်းတာတမံဆိုင်ရာ ဥပဒေများအား မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများက ရှင်းလင်းဟောပြောခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ရေကြည်မြို့နယ်အတွင်း သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ငဝန်ရေကာတာ တစ်လျှောက်ရှိ မြို့၊ ရွာ၊ ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူလူထုအားလုံး ပူးပေါင်းပြီး အရေးပေါ်အခြေအနေဖြစ်ပေါ်လာပါက ချိတ်ဆက်ပူးပေါင်းဆောင်ရွက်သွားရန် အစီအစဉ်၊ အစီအမံများ အသင့်ထားရှိဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်းက ပြောကြားခဲ့ကြောင်း သိရသည်။

ဆန်းတင့်(ရေကြည်)