မြောက်ဦး ၁၄ ဇွန်
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ကျေးရွာအချို့ရှိ ခိုလှုံရာ ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားသော တောင်မြင့်ကျေးရွာ ကယ်ဆယ်ရေးစခန်းနှင့် တိမ်ညိုကျေးရွာကယ်ဆယ်ရေး စခန်းများသို့ အသစ်ထပ်တိုး ရောက်ရှိလာသည့် မိသားစုဝင်များအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ဇွန်လ ၁၂ ရက်နေ့ နံနက် ၉ နာရီအချိန်က သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမိုးနွယ်ဦးဆောင်ကာ တာဝန်ရှိသူများက တိမ်ညိုကျေးရွာရှိ ခိုလှုံရာကယ်ဆယ်ရေးစခန်းသို့ အသစ်ထပ်တိုးရောက်ရှိလာသော အိမ်ထောင်စု ၉၉ စုမှ လူဦးရေ ၄၃၆ ဦးအတွက် ကျားလုံချည်၊ မလုံချည်၊ တဘက်နှင့် တီရှပ်ပါကယ်ဆယ်ရေးပစ္စည်းလေးမျိုးနှင့် တစ်လစာဆန်ရိက္ခာ ၁၃၀ အိတ်၊ ၂၀ ပြည်တို့အားလည်း ကောင်း၊ တောင်မြင့်ကျေးရွာဘုန်းတော်ကြီးကျောင်းကယ်ဆယ်ရေးစခန်းတွင် ရောက်ရှိခိုလှုံလာသော အိမ်ထောင်စု ၃၂ စုမှ လူဦးရေ ၁၄၀ ဦးအတွက် ကျားလုံချည်၊ မလုံချည်၊ တဘက်နှင့် တီရှပ်ပါ ကယ်ဆယ်ရေးပစ္စည်းလေးမျိုးနှင့် တစ်လစာဆန်ရိက္ခာ ၄၂ အိတ်တို့အား အဆိုပါကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူးနှင့် စခန်းတာဝန်ခံများထံသို့ အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
MDN