မုံရွာ  ၁၄  ဇွန် 


မကြာမီ မိုးရာသီသို့ ရောက်ရှိမည်ဖြစ်ပြီး မြစ်ရေကြီးမြင့်ချိန်တွင် ချင်းတွင်းမြစ်ကြောင်းတစ်လျောက်ရှိ အန္တရာယ်ရှိသော ရေဝဲနေရာ (၇)ခုအား ရေယာဉ်များအနေဖြင့် သတိဖြင့်ခုတ်မောင်းသွားလာကြရန် စစ်ကိုင်းတိုင်းဒေသကြီး ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ဇွန်လ (၁၂) ရက်နေ့တွင် သတိပေးချက်ထုတ်ပြန် ထားကြောင်း သိရသည်။


“မိုးရာသီမှာ ဖြစ်တတ်တဲ့ ရေဝဲရှိတဲ့နေရာတွေမှာ ရေစီးသန်တဲ့အခါမှာ ဝဲစုပ်ပြီးနစ်တတ်တယ်၊ မိုးရာသီမှာရေပြင်ကတော့ကျယ်သွားပြီ ရေယာဉ်အကြီးတွေကလွတ်လွတ်လပ်လပ် မောင်းလို့ရတယ်၊ ရေယာဉ် အသေးတွေကျတော့ စက်ရပ်ပြီးမျောတာတို့မြုပ်တာတို့၊ လှိုင်းကြောင့်မြုပ်တာကမိုးရာသီမှာ အဖြစ်များတယ်၊ ဟောပြောပွဲတွေမှာ အဓိကထားပြီးပြောတယ်၊ ခရီးသည်တွေ သတ်မှတ်ဦးရေထက်ပိုပြီး တင်မယ်၊ အင်ဂျင်တွေ မကောင်းတာတို့ကြောင့် ရေမျောပြီး ရေဝဲထဲရောက်မယ်ဆိုရင်မြုပ်တတ်တယ်၊ အဲဒါတွေကို သတိပြုဆင်ခြင် ဖို့အခုလိုသတိပေးချက်ထုတ်ပြန်ခြင်းပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးအောင်သန်း က ပြောသည်။


ချင်းတွင်းမြစ်ကြောင်းတစ်လျောက် ရေဝဲ သတိပေးချက်ထုတ်ပြန်သည့် နေရာများအဖြစ် မုံရွာမြို့နယ်နှင့် ကနီမြို့နယ်ကြား ရေမိုင် (၁၉)မိုင်ရှိ ရွှေစာရေးဝဲ၊ ကနီမြို့နယ်နှင့်မင်းကင်းမြို့နယ်ကြား ရေမိုင်(၉၀)ရှိ ဝက်သိုက်ဝဲ၊ မင်းကင်းမြို့နယ်နှင့်ကလေးဝမြို့နယ်ကြား ရေမိုင်(၁၄၄)ရှိ ပေဝဲ၊ ကလေးဝမြို့နယ်နှင့်မော်လိုက် မြို့နယ်ကြား ရေမိုင်(၁၆၀)ရှိ လောင်းဂရိတ်ဝဲ၊ ကလေးဝမြို့နယ်နှင့် မော်လိုက်မြို့နယ်ခြား ရေမိုင် (၁၆၅)ရှိ မစိန်ဝဲ၊ မော်လိုက်မြို့နယ်နှင့်ဖောင်းပြင်မြို့နယ်အကြား ရေမိုင်(၂၃၀)ရှိ ရွှေပုလ္လင်ဝဲ၊ ဟုမ္မလင်းမြို့နယ်နှင့် ခန္တီးမြို့နယ်ကြား ရေမိုင် (၄၄၇)ရှိ ကတိုးဝဲ တို့အား ဖြတ်သန်းမောင်းနှင်သွားလာကြမည့် လူစီးအမြန်ရေယာဉ် များနှင့် ကုန်တင်ရေယာဉ်များ သတိပြုသွားလာနိုင်ကြရန် စစ်ကိုင်းတိုင်းဒေသကြီးရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သတိပေးချက်ထုတ်ပြန်ထားကြောင်း သိရသည်။


ဝင်းဦး(ဇေယျာတိုင်း)