ကလေးဝ  ၁၄   ဇွန် 


စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်တွင် ဂျပန်နိုင်ငံစေတနာ့ဝန်ထမ်းအဖွဲ့အစည်း Japan Infrastructure Partner (JIP) အဖွဲ့အကူအညီဖြင့် ယုဇလယ်-အင်ဒုတ် ကျေးရွာချင်းဆက်လမ်းပေါ်ရှိ မြို့မကျေးရွာနှင့် နောင်ဖနန်ကျေးရွာကြားခုံကြီးချောင်းနေရာတွင် ၄၃၃ ပေခန့်ရှိ ချောင်းကူးငုပ်လျှိုးတံတား ကို လာမည့် ဇူလိုင်လမှစ၍ ချောင်းရေအမြင့်ဆုံးအချိန်ကို တိုင်းတာပြီး တည်ဆောက်သွားမည်ဖြစ်သည်။


ယင်းချောင်းကူးငုပ်လျှိုးတံတား ၏ အမြင့်သည် မိုးရာသီကာလ ပုံမှန်ရေတက်မှတ်ထက်မြင့်၍ တည်ဆောက်ထားသည့်အတွက် အများပြည်သူများ အခက်အခဲမရှိ အသုံးပြုနိင်ပြီး ထူးကဲရေကြီးနေသည့် အချိန်တွင် ရေအောက်သို့မြုပ်နေ၍ သစ်တုံးနှင့်ဒိုက်ဖတ်များ တံတားပေါ်မှ ကျော်သွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ ဂျပန်နိုင်ငံအခြေစိုက်(JIP)အဖွဲ့သည် ကျေးလက်ဒေသရှိ ချောင်းကူးနေရာများတွင် ဒေသခံပြည်သူများ ကျောင်းသားကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြတ်သန်းသွားလာနိုင်ရန် ရည်ရွယ်၍ ချောင်းကူးငုပ်လျှိုးတံတားများအား ကုသိုလ်ဖြစ်တည်ဆောက်ပေးနေသောအဖွဲ့အစည်းတစ်ခုဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင်ကလေးဝ၊ကနီ၊အင်းတော် သုံးမြို့နယ်၌ ချောင်းကူးငုပ်လျှိုးတံတား များကို တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထွန်းမြင့်ထံမှ သိရသည်။


သက်ဟန်(ကလေးဝ)