နေပြည်တော် ၁၄ ဇွန်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ဟိုတယ်နှင့်ခရီးသွားကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ လုံခြုံစိတ်ချစွာဖြင့် အဆင်ပြေချောမွေ့စွာသွားရောက်လည်ပတ်နိုင်ရေးတို့ကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြု ချက်ဖြင့် ဆောင်ရွက်လျက်ရှိသည့် မန္တလေး- မတ္တရာ- စဥ့်ကူး- သပိတ်ကျင်း- မိုးကုတ်ခရီးစဉ်တွင် ယခုနှစ် ဖေဖော်ဝါရီလမှစ၍ မြို့တွင်းခရီးစဉ်အပြင် ကျောက်ပြသာဒ်၊ ပန်လင်-ဘားနဒ်ကျေးရွာများသို့ပါ ခရီးစဉ် တိုးမြှင့်လည်ပတ်ခွင့်ပြုထားရှိပါသည်။

ပြည်ပခရီးသွား ဧည့်သည်များ အနေဖြင့် စိတ်ဝင်စားစရာခရီးစဉ်တစ်ခုဖြစ်သည့်မိုးကုတ်ဒေသသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ခွင့်ပြုမှု၊ ခရီးသွားကုမ္ပဏီများ၏ စီစဉ်မှုဖြင့် သွားရောက် လည်ပတ်လျက်ရှိရာ Myanmar Upper Land Travels&Tours Co.,Ltd ၏ အစီအစဉ်ဖြင့် (၁၇)ဦး၊ Next Aurora Myanmar Travels Co.,Ltd ၏ အစီအစဉ်ဖြင့် တရုတ်လူမျိုး (၃)ဦး နှင့် Asia Precious Junction Co.,Ltd ၏ အစီအစဉ်ဖြင့် ထိုင်းလူမျိုး (၁၀)ဦး၊ စုစုပေါင်း (၃၀) ဦးတို့သည် ၂၀၁၉ ခုနှစ် ဇွန်လ (၁၀) ရက်နေ့မှ ဇွန်လ (၁၄) ရက်နေ့ထိ မိုးကုတ်မြို့သို့ လာရောက် လည်ပတ်ကြရာ မဏိမင်္ဂလာထာပွဲဈေး၊ ကျောက်လက်ညှိုးတောင်၊ ကျောက်ပြဿဒ်ဘုရား၊ ဒေါ်နန်း ကြည်တောင်၊ ကျောက်လှိုဏ်ဂူနှင့် စေတီတော်၊ ဘော်ဗဒါန်းရွာရှိ ခဲဇာလုပ်ငန်းများကိုလည်းကောင်း၊ ဖောင်တော်ဦးစေတီတွင်ရှိသော ပတ္တမြားပလ္လင်နှင့် နီလာပလ္လင်တို့ကို လည်းကောင်း၊ ကျောက်ပန်းချီ လုပ်ငန်း၊ လက်ဖက်စိုက်ခင်း၊ သဘာဝ ဖြစ်ပေါ်နေသည့် ကင်းချောင်းရေတံခွန်နှင့် မြန်မာ့ရိုးရာစားစရာ မျိုးစုံကို ရနိုင်သည့် မိုးကုတ်ညဈေးတန်းတို့ကိုလည်းကောင်း သွားရောက် လည်ပတ်ခဲ့ကြကြောင်း သတင်းရရှိသည်။
MDN