မန္တလေး  ၁၄  ဇွန်

 

မန္တလေးဈေးချိုတော်အား မီးဘေးအန္တရာယ် စိုးရိမ်သည့်အတွက် ဈေးရုံဖွင့်ချိန်၊ ပိတ်ချိန်များတွင် မီးဘေးအန္တရာယ် လုံခြုံရေးလုပ်ငန်းများကို ကြပ်မတ်မည်ဖြစ်ကြောင်း ဈေးအကျိုးတော်ဆောင်အဖွဲ့မှ သိရသည်။

 

အဆိုပါ ဈေးလုံခြုံးရေးနှင့်ပတ်သတ်ပြီး ဇွန်(၁၃)ရက်နေ့တွင် ဈေးချိုတော်ဖွင့်ချိန်၌ (F)ရုံ၊ ဒုတိယထပ် အရှေ့မြောက်ထောင့်ရှိ လမ်းထောင့်ချိုး လူသွားလမ်းပေါ်တွင် ဓာတ်ဆီ အစက်အပြောက်များကို တွေ့ရှိခဲ့ခြင်းကြောင့် ယခုလို ကြတ်မတ်ရခြင်းဖြစ်ကြောင်း သိရသည်။

 

" လမ်းပေါ်မှာ ဆီစက်တွေတွေ့တော့ ချက်ချင်းသွားရောက်စစ်ဆေးခဲ့တယ် ။ တမင်သက်သက်ချတာလား ။ ဘာကြောင့်ကျလဲ ဘာကြောင့်ဖြစ်လဲ ဆိုတာတော့ မသိရသေးဘူး ။ ဘာပဲဖြစ်ဖြစ် မဖြစ်ခင်ကြိုတင် ကာကွယ်တဲ့အနေနဲ့ ဈေးလုံခြုံရေးကို အခုလိုကြပ်မတ်လိုက်ရတာပါ "ဈေးအကျိုးတော်ဆောင်အဖွဲ့ အတွင်းရေးမှူး  ဦးမင်းမင်းက ပြောသည်။

 

ယခင်က မန္တလေးဈေးချိုတော် ဈေးရုံ ဖွင့်ချိန်၊ပိတ်ချိန်များတွင် ဈေးသော့ကိုင်တစ်ဦးနှင့်  ဈေးအကျိုးတော်ဆောင် အဖွဲ့ဝင်သုံးဦးက ဈေးရုံများအတွင်း လှည့်လည်စစ်ဆေးခြင်း၊ လျှပ်စစ်မီးများ ဖြတ်တောက်ခြင်းများသာ ပုံမှန်ဆောင်ရွက်ခဲ့သည် ။

 

ယခုအခါတွင် မန္တလေးဈေးချိုတော် လုံခြုံရေးမီးဘေးအန္တရာယ် ကင်းရှင်းရေး မသမာသူများ မဝင်ရောက်နိုင်ရေးအတွက် အဆင်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီးတို့တွင် ဈေးဖွင့်ချိန်၌ ရုံအကျိုးတော်ဆောင် (သို့) ရုံတာဝန်ခံ စည်ပင်သာယာရေးကော်မတီမှ သော့ဖွင့်ပိတ် ဝန်ထမ်းတစ်ဦးအပြင် ရုံအတွင်းမှ ဈေးဆိုင်ခန်း ဆိုင်ရှင် ၅ ဦး ရှိမှသာ ပုံမှန်စစ်ဆေးဖွင့်လှစ်ရမည်ဖြစ်သည် ။

 

ဈေးရုံပိတ်သိမ်းချိန်တွင်လည်း ရုံတာဝန်ခံနှင့် သော့ကိုင်ဝန်ထမ်းတို့မှ ရုံအတွင်း လူ / မကျန် စစ်ဆေးပြီးမှသာ လျှစ်စစ်မိန်းချ၍ ပိတ်သိမ်းရမည်ဖြစ်ကြောင်း သိရသည် ။


 
မန္တလေး ဈေးချိုတော်ကို အဆင့်မြင့်ဈေးကြီးအဖြစ် ၁၉၉၄ တွင် ပြန်လည်တည်ဆောက်ဖွင့်လှစ်ခဲ့ပြီး လက်ရှိ ဈေးချိုတော်တွင် ဈေးရုံ(၈)ရုံနှင့် ဈေးဆိုင်ခန်းအရေအတွက် (၃၂၀ဝ) ကျော် ရှိသည်။

 

သူရိန်လင်း