၁၄ ဇွန်
ယမန်နေ့က အိုမန်ပင်လယ်ကွေ့တွင် ရေနံတင်သင်္ဘောနှစ်စင်း တိုက်ခိုက်မှု အီရန်မှာ တာဝန်ရှိသည် ဟူသော အမေရိကန် စွပ်စွဲပြောဆိုချက်ကို အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ်ဖ် က ပြတ်သားစွာ ငြင်းပယ်ခဲ့သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအို က ထိုရေနံတင်သင်္ဘောတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အီရန်ကို ပြစ်တင်ပြောဆိုခဲ့ပြီးနောက် အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ်ဖ် သည် ယနေ့ တွစ်တာပေါ်တွင် ထိုသို့ မှတ်ချက်ရေးသားခဲ့ခြင်းဖြစ်သည်။
သက်သေအထောက်အထား လက်ဆုပ်လက်ကိုင်ပြနိုင်ခြင်းမရှိပဲ အီရန်နိုင်ငံကို မြန်မြန်ဆန်ဆန်စွပ်စွဲပြောဆိုခဲ့ခြင်း ဖြစ်သည်ဟု မိုဟာမက် ဂျာဗက်ဇာရစ်ဖ် က ရေးသားထားသည်။
အမေရိကန်သည် အီရန်အပေါ်စီးပွားရေး အကြမ်းဖက်မှုကို ဖုံးကွယ်ထားပြီး ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကို ဆွဲထည့်ကာ သံခင်းတမန်ခင်း အဖျက်အမှောင့်လုပ်ငန်း လုပ်ခြင်းဖြစ်သည်ဟု မိုဟာမက် ဂျာဗက်ဇာရစ်ဖ် က ရေးသားထားသည်။
ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို