ဝက်လက် ၁၄ ဇွန်

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တွင် ဇွန် ၁၄ ရက်  နံနက်  ၃ နာရီခွဲက ဝက်လက်မြို့နယ်  ကျီးကန်ကျေးရွာတောင်ဘက်တွင် လမ်းဘေး၌ ရပ်တန့်ထားသော ခြောက်ဘီး မော်တော်ယာဉ်၏ နောက်ပိုင်းအား (၁၂) ဘီး မော်တော်ယာဉ်မှ ဝင်ရောက်တိုက်မိခဲ့ရာ (၁၂) ဘီး ယာဉ်မောင်းမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မိမှုမှာ ကျီးကန်ကျေးရွာတောင်ဘက်  ရွှေဘို - မန္တလေး ကားလမ်း မိုင်တိုင်အမှတ်  (86.5)  KM  နှင့်  (87) KM  ကြားနေရာတွင်  မန္တလေးမှရွှေဘိုသို့  ယာဉ်မောင်း ဦးလှလွင် အသက် (၄၇) နှစ်  အမှတ်(၁) ရပ်ကွက် ဘူတာ(ခ) ရပ်နေသူမောင်းနှင်ပြီး ယာဉ်နောက်လိုက်  ဦးဖိုးဇော် အသက် (၃၆) နှစ် အမှတ်(၁) ရပ်ကွက် ရွှေဘိုမြို့နေသူတို့ မောင်းနှင်လာသော အဖြူရောင်ခြောက်ဘီးမော်တော်ယာဉ်အား ရပ်နားရန် လမ်း၏ယာဘက်ခြမ်း လမ်းဘေးတွင်  ရပ်တန့်ထားစဉ် မန္တလေးမှရွှေဘိုသို့ ယာဉ်မောင်း ဦးအောင်ကိုလွင်  အသက် (၂၉) နှစ် အင်ဒိုင်းကြီးကျေးရွာ ကလေးမြို့နယ်နေသူ တစ်ဦးတည်း မောင်းနှင်လာသော  (၁၂) ဘီး မော်တော်ယာဉ်မှ  ခြောက်ဘီးမော်တော်ယာဉ် နောက်ခြမ်းအား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။

 

mdn

 

အဆိုပါ ယာဉ်တိုက်မှုကြောင့် ခြောက်ဘီးကား ယာဉ်နောက်လိုက် ဦးဖိုးဇော်မှာ ဒဏ်ရာများရရှိကာ ၁၂ ဘီး ယာဉ်မောင်း  ဦးအောင်ကိုလွင်မှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ဝက်လက်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း  သိရသည်။

ဖြစ်စဉ်နှင့်စပ်လျဉ်း၍  မော်တော်ယာဉ်အား မဆင်မခြင်ပေါ့လျော့စွာမောင်းနှင်ပြီး ထိခိုက်ဒဏ်ရာများရရှိ၍ သေဆုံးစေအောင် မောင်းနှင်သူ (၁၂) ဘီး  ယာဉ်မောင်း  အောင်ကိုလွင် အား  ရွှေပန်းကုံးနယ်မြေရဲစခန်းမှ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုးသောက် (ရွှေဘို)