ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ ကုန်းဘောင်ကျေးရွာက အမျိုးအဆွေရွာလည်ပွဲတော်သည် ကုန်းဘောင်ကျေးရွာမှ လွဲ၍ မည်သည့်နေရာတွင်မျှ မရှိသည့် ထူးခြားသည့် ပွဲတော်တစ်ခု ဖြစ်၏။ အလွန်ပျော်စရာကောင်းသော ပွဲတော်တစ်ခုဖြစ်ပြီး ရခိုင်ပြည်နယ်ရှိ ရာသီပွဲတော်များအနက် အထူးခြားဆုံး ယဉ်ကျေးမှုပွဲတော်တစ်ခုဟု ဆိုရပေမည်။ ကုန်းဘောင်ကျေးရွာ၌ အမျိုးအဆွေ ရွာလည်ပွဲတော် ကျင်းပလာကြသည်မှာ နှစ်ပေါင်းရာ ကျော်ရှိနေပြီဖြစ်သည်။ ရမ်းဗြဲမြို့နယ် ကုန်းဘောင်ကျေးရွာ၏ ရပ်ဓလေ့၊ ရွာဓလေ့ အမျိုးအဆွေ ရွာလည်ပွဲတော်အား နှစ်စဉ် ဇွန်လအတွင်း ပြုလုပ် ကြပြီး နှစ်ရက်တိုင်တိုင် ကျင်းပသည်။ အွန်လိုင်းမီဒီယာ မရှိသည့်အချိန်၌ အမျိုးအဆွေရွာလည်ပွဲတော်မှာ လူသိနည်းသော်လည်း တစ်မူထူးခြားသော ပွဲတော်ဖြစ်သဖြင့် ယခုအခါ အွန်လိုင်းပေါ်တွင် လူသိများလာသည်။ ကုန်းဘောင် ကျေးရွာသည် ရမ်းဗြဲမြို့နှင့် ငါးမိုင်ခန့် ကွာဝေးပြီး အိမ်ခြေသုံးရာကျော်နှင့် လူဦးရေ တစ်ထောင်ကျော် နေထိုင်လျက်ရှိသော ရွာကြီးတစ်ရွာဖြစ် သည်။ကုန်းဘောင်ကျေးရွာ၌ အမျိုးအဆွေ ရွာလည်ပွဲအား နှစ်စဉ်နှစ်တိုင်း ကျင်းပလျက် ရှိပြီး အွန်လိုင်းမီဒီယာ စာမျက်နှာပေါ်၌ လူသိများလာသောကြောင့် အနယ်နယ် အရပ်ရပ်မှ လာရောက်ကြည့်ရှုသူများပြားလာ သဖြင့် အမျိုးအဆွေရွာလည်ပွဲသည် ယခု အချိန်၌ ပို၍စည်ကားလာခဲ့သည်။ ယခုနှစ် တွင် ရခိုင်ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် သတ္တုတွင်းဝန်ကြီး ရမ်းဗြဲမြို့သား ဦးကျော်လွင် ကိုယ်တိုင် အမျိုးအဆွေရွာလည်ပွဲကို တက်ရောက်အားပေးပြီး ကျေးရွာရန်ပုံငွေ အတွက် အလှူငွေများ ပေးအပ်ခဲ့သည်။
ဂုဏ်ယူဖွယ်ပွဲတော်တစ်ခု
အမျိုးအဆွေ ရွာလည်ပွဲသည် တစ်မြေ တည်းနေ တစ်ရေတည်းသောက် ကုန်းဘောင် ကျေးရွာသူ ကျေးရွာသားများ၏ ချစ်ကြည် ရင်းနှီးမှုကို ဖော်ပြသည့် ပွဲတော်တစ်ခုဟု ဆိုရ ပါမည်။ အတိတ်က ခါးသီးမှု တစ်ခုကို သင်ပုန်းချေပြီး ရရှိလာသည့် ဂုဏ်ယူဖွယ် ပွဲတော်တစ်ခုဆိုလျှင်လည်း မမှား။ ရမ်းဗြဲ မြို့နယ်က ကုန်းဘောင်ကျေးရွာသည် မြောက်ဦးခေတ်ကတည်းက တည်ရှိနေသော ရွာတစ်ရွာဖြစ်သည်။ ယခုအချိန် ကုန်းဘောင် ကျေးရွာ၌ တောင်ပိုင်းနှင့် မြောက်ပိုင်းဟူ၍ နှစ်ပိုင်းခွဲပြီး နေထိုင်လျက်ရှိကြသည်။
၁၈၄၀ ပြည့်နှစ်နှောင်းပိုင်း ကုန်းဘောင် ကျေးရွာ၌ လယ်မြေပိုင်ဆိုင်မှု အငြင်းပွားမှု တစ်ခုကြောင့် ပြဿနာဖြစ် ကြရာမှ နှစ်ဖက် ဆွေးမျိုးတို့ ရန်ဖြစ်ကြ၍ ရွာတောင်ပိုင်းနှင့် မြောက်ပိုင်းဆိုပြီး ရွာနှစ်ခြမ်း ကွဲသွားခဲ့ရခြင်း ဖြစ်သည်။
ကုန်းဘောင်ရွာ၏ တောင်ပိုင်းနှင့် မြောက်ပိုင်း ရွာနှစ်ခြမ်း ပြန်လည်သင့်မြတ် လာစေဖို့ ရွာဦးကျောင်း ဆရာတော်နှင့် သက်ကြီးရွယ်အိုများတိုင်ပင်ကြပြီး ရွာတောင် ပိုင်းနှင့်မြောက်ပိုင်း ပြန်လည်သင့်မြတ် လာအောင် အမျိုးအဆွေရွာလည်ပွဲတော် ကို ကျင်းပခဲ့ကြခြင်း ဖြစ်သည်။
ယနေ့တိုင် ကျင်းပ
အမျိုးအဆွေ ရွာလည်ပွဲ ကျင်းပရခြင်း သည် ကုန်းဘောင်ရွာသားအချင်းချင်း ယခင်ကကဲ့သို့ ချစ်ကြည် ရင်းနှီးမှု ပိုရရှိ လာစေရန်နှင့် နောင်တစ်ချိန်တွင် စိတ်ဝမ်းကွဲ ဖြစ်စဉ်များ ပေါ်ပေါက်မလာစေရန် ဖြစ်သည်။ အမျိုးအဆွေရွာလည်ပွဲကျင်းပရာ၌ ရွာတောင် ပိုင်းနေသူများက မြောက်ပိုင်းသို့ သွားရောက် လည်ပတ်ကာ အစားအသောက်များ ယူဆောင်၍ ဧည့်ခံကျွေးမွေးခြင်း၊ နောက်တစ်နေ့၌ ရွာမြောက်ပိုင်းနေသူများက ရွာတောင်ပိုင်းနေသူများထံ သွားရောက် လည်ပတ်ပြီး အစားအသောက်များဖြင့် ပြန်၍ တစ်ဖန် ဧည့်ခံကျွေး မွေးခြင်းစသည့် လုပ်ဆောင် ချက်များကို ပြုလုပ်ကြရာမှ အမျိုးအဆွေ ရွာလည်ပွဲတော် ဖြစ်ပေါ်လာရပြီး ရိုးရာဓလေ့ ပွဲတော်တစ်ခုကဲ့သို့ ယနေ့တိုင် ကျင်းပခြင်း ဖြစ်သည်။
ညီညွတ်မှု ပို၍ရှိလာ
ရခိုင်ပြည်နယ်တွင် ကျင်းပသည့် ရိုးရာ ယဉ်ကျေးမှုပွဲတော်ထဲက တစ်ခုဖြစ်သည့် အမျိုးအဆွေ ရွာလည်ပွဲအား နှစ်စဉ်ကျင်းပ ခြင်းအားဖြင့် ရွာသားအချင်းချင်း တစ်ယောက်နှင့်တစ်ယောက် ချစ်ချစ်ခင်ခင် ရှိလာကြပြီး ရပ်ကျိုး၊ ရွာကျိုး သယ်ပိုး ဆောင်ရွက်ကြရာ၌လည်း ညီညွတ်မှု ပို၍ ရှိလာသည်ဟု ယုံကြည်ထားကြသည်။
အမျိုးအဆွေ ရွာလည်ပွဲအား လယ်ယာလုပ်ငန်းခွင်မဝင်ရောက်မီ နှစ်စဉ် ဇွန်လအတွင်း ကျင်းပနေကြပြီး ထူးခြားမှုပုံသ္ဌာန်ကြောင့် အွန်လိုင်းတွင် လူသိများလာ၍ အများသူငါတို့၏ အာရုံစိုက်မှု မိုပိုများပြား လာနေကြသည်ကို တွေ့မြင်နေရသည်။
လယ်ယာလုပ်ငန်းခွင်မဝင်ရောက်မီ
အမျိုးအဆွေ ရွာလည်ပွဲတော်ကျင်းပသည့် ပထမနေ့၌ ရွာမြောက်ပိုင်း နေသူများက ရွာတောင်ပိုင်းသို့ သွားရောက်လည်ပတ်သလို ဒုတိယနေ့၌ ရွာတောင်ပိုင်းနေသူများက ရွာမြောက်ပိုင်းနေသူများထံ အပြန်အလှန် သွားရောက်လည်ပတ်ကြသည်။ ယခုအချိန် ဆွေမျိုးလည်ပွဲ သွားရောက်ကြရာ၌ မိမိတို့၏ ခြံထွက်ပစ္စည်းများနှင့် အစားအသောက်များကို ချက်ပြုတ်၍ ယူဆောင်လာကြပြီး အတူတကွ ချစ်ကြည်ရင်းနှီးစွာ စားသောက်ကြသည်။ ကုန်းဘောင်ရွာ၌ ရွာသားအချင်းချင်း အပြန်အလှန် သွားရောက်လည်ပတ် ကြသဖြင့် သာရေး၊ နာရေး ကိစ္စအဝဝနှင့် လယ်ယာလုပ်ငန်းခွင် မဝင်ရောက်မီ လယ်ယာစိုက်ပျိုးခြင်းနှင့်ပတ်သက်ပြီး အသိပညာဖလှယ်ခြင်း၊ မျိုးစပါး ဖလှယ်ခြင်း၊ သားရေးသမီးရေးကိစ္စဆွေးနွေးခြင်း စသည်များကို ပြုလုပ်နိုင်ကြ သည်။ လယ်ယာလုပ်ငန်းခွင် ဝင်ရောက်ကြသည့်အခါ သူ့တာဝန်၊ ကိုယ့်တာဝန် များ ရှိနေသောကြောင့် ရွာတောင်ပိုင်းနှင့် မြောက်ပိုင်း ရွာသားအချင်းချင်း တွေ့ဆုံရန် ခက်ခဲနိုင်၍ လယ်ယာလုပ်ငန်းခွင်မဝင်ရောက်မီ မိုးရာသီ ဇွန်လ၌ အမျိုးအဆွေ ရွာလည်ပွဲကို ကျင်းပပြုလုပ်နေကြရခြင်းဖြစ်သည်။
တစ်မူထူးခြားတွေ့မြင်ရသောပွဲတော်
ရွာတောင်ပိုင်းနှင့် ရွာ၏မြောက်ပိုင်း အပြန်အလှန် အမျိုးအဆွေ သွားလည်ကြရာ၌ အုပ်စုလိုက်သွားရောက်လည်ပတ်ကြပြီး ရယ်ရွှင်ဖွယ် ပုံစံ အမျိုးမျိုး ဝတ်စားဆင်ယင်ကာ မျက်နှာပေါ်၌ အရောင်မျိုးစုံခြယ်သပြီး သွားရောက်ကြခြင်းဖြစ်သည်။ အမျိုးသားက အမျိုးသမီးပုံစံဝတ်ဆင်၍ လည်းကောင်း၊ အမျိုးသမီးက အမျိုးသားပုံစံဝတ်ဆင်၍ လည်းကောင်း၊ အပျိုအရွယ်က အအိုပုံစံဖြင့်လည်းကောင်း၊ အအိုက အပျိုပုံစံအဝတ်အစား ဒီဇိုင်းဆင်၍လည်းကောင်း မြင်နေကျပုံစံမျိုးမဟုတ်ဘဲ တစ်မူထူးခြား တွေ့မြင်ရသော ပွဲတော်တစ်ခုဖြစ်သည်။
အမျိုးအဆွေ ရွာလည်ပွဲသို့ လာရောက်ကြည့်ရှုသူအများ ရယ်ရွှင်ဖွယ် ဖြစ်အောင် ကုန်းဘောင်ရွာသူ ရွာသားများက ဝတ်စားဆင်ယင်ကြပြီး တစ်ယောက်ထက်တစ်ယောက် ပိုမိုထူးခြား ဟာသမြောက်အောင် ဒီဇိုင်း ပုံသ္ဌာန်များဖြင့် အမျိုးအဆွေ ရွာလည်ပွဲသွားရောက်ကြ၍ လာရောက်ကြည့်ရှု သူများအား အပျော်ကူးစက်စေတတ်သဖြင့် ရမ်းဗြဲမြို့နယ် ကုန်းဘောင်ကျေးရွာမှ အမျိုးအဆွေရွာလည်ပွဲသည်ကား ရခိုင်ပြည်နယ်၌ တစ်မူထူးခြားသော ရိုးရာပွဲတော် တစ်ခုဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ ။
ကြေးမုံ