မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများမှာ တောင်တန်းနေတိုင်းရင်းသားနှင့် မြေပြန့်နေတိုင်းရင်းသားတို့ ရှိသည်။ တောင်တန်းမြေပြန့် မခွဲခြားဘဲ အေးအတူ ပူအမျှ အတူတကွနေထိုင်ခဲ့ကြသည်ကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံသည် အလွန်သာယာလှပသောနိုင်ငံ ဖြစ်သည့်အပြင် အလွန်ချစ်စရာကောင်းသော ဓလေ့များနှင့် စိတ်ဝင်စားစရာကောင်းသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဖြင့် ပြည့်စုံနေသော နိုင်ငံတစ်ခုလည်းဖြစ်သည်။ တိုင်းရင်းသားလူမျိုးများစွာထဲမှ တအာင်း(ပလောင်)လူမျိုးသည် တောင်တန်းမှာသာ အများအားဖြင့် နေထိုင်ကြသည့် လူမျိုးတစ်မျိုးဖြစ်သည်။ တအာင်းတို့ဌာနေမှာ စိမ်းစိုလှပသည့် တောင်တန်းများ၊ စမ်းချောင်းစီးသံတညံညံ အလွန်သာယာသောအသံများ၊ မြူမှုန်ဆိုင်းသည့်ပတ်ဝန်းကျင်များနှင့် ချစ်စရာကောင်းသောဓလေ့များ ပြည့်နှက်နေသည့် ဤဌာနေမှာ အဝေးရောက်တအာင်းများအဖို့ အလွန် လွမ်းစရာ ကောင်းလွန်းလှသည်။
တအာင်းတို့ဌာနေမှာ တောင်တန်းများဖြစ်သည့်အလျောက် မြူများဆိုင်းနေသည့် ကောင်းကင်အောက်တွင် အကွေ့အကောက်လမ်းများကလည်း ဌာနေ၏အလှအပနှင့် ပုံရိပ်ကို ထူးဆန်းသောရသများ ခံစားစေခဲ့သည်။ မြင့်မားလှသည့် တောင်တန်းကြီးများနှင့်အတူ အစီအရီ ညီညီညာညာဖြင့် စိုက်ပျိုးခဲ့သော လက်ဖက်ပင်များနှင့် ပြည့်နှက်နေပြီး အလွန်အေးချမ်းသည့် ဒေသတစ်ခုအဖြစ် ပေါ်လွင်စေခဲ့သည်။ တအာင်းတို့ အများဆုံးနေထိုင်ကြ သည့် သီပေါ၊ ကျောက်မဲ၊ လားရှိုး၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ စသည့် မြို့များကို အလည်အပတ်ခရီး သွားရောက်ကြမည်ဆိုလျှင် တအာင်းတို့ရွာ မရောက်ခင် အစီအရီဖူးပွင့်နေသော လက်ဖက်ပင်များ၊ သဘာဝသစ်ပင် ပန်းမန်ရနံ့များနှင့် စိတ်ရွှင်လန်းစရာမြင်ကွင်းမျိုးစုံများဖြင့် ကြိုဆိုနေကြသည်ကို တွေ့ရမည်ဖြစ်သည်။
တအာင်း(ပလောင်)လူမျိုးမှာ လက်ဖက်လုပ်ငန်းကိုသာ အဓိက အသက် မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် လုပ်ကိုင်ခဲ့ကြသည်။ တအာင်းလူမျိုးများသည် နေထိုင်ရာဒေသကွဲပြားသော်လည်း လက်ဖက်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုသည့်အလုပ်ကို အလွန်ဂုဏ်ယူစရာကောင်းသည်ဟု တအာင်းလူမျိုးတိုင်းကမှတ်ယူခဲ့ကြသည်။ ဒေသကွဲပြားမှုအပေါ်မှာမူတည်ပြီး လက်ဖက်လုပ်ပုံ လုပ်နည်းများ အနည်းငယ်ကွဲပြားကြ၍ လုပ်ပုံလုပ်နည်းမတူညီကြသော်လည်း လက်ဖက်ပေါ်ထားသည့် တန်ဖိုးထားမှု၊ လေးစားမှုနှင့် လက်ဖက်ပေါ်တွင် ဂုဏ်ယူမှုများက တူညီကြသည်။
လက်ဖက်ပေါ်ပေါက်လာပုံ
တအာင်းလူမျိုးများနှင့် လက်ဖက်ကို ခွဲခြားမရသည့် အကြောင်းရင်းမှာတအာင်းလူမျိုးများ၏ အဓိကအသက်မွေးဝမ်းကျောင်းမှာ လက်ဖက်စိုက်ပျိုးရေး ဖြစ်၍ လက်ဖက်လုပ်ငန်းကို လွန်ခဲ့သော ခရစ်နှစ် ၈၁၅ ခုနှစ်မှ စတင်စိုက်ပျိုးလာခဲ့ သဖြင့် နှစ်ပေါင်း ၁၂၀ဝ ခန့်က စတင်လုပ်ကိုင်စားသောက်လာခဲ့ကြသည်။
လက်ဖက်စိုက်ပျိုးမှုသမိုင်းကို တရုတ်သမိုင်း မန်ချူးကျမ်း၌ ခရစ်နှစ် ၈၃၆ ခုနှစ်ဟု ဖော်ပြထားသည်ကို လေ့လာတွေ့ရှိရသဖြင့် တအာင်းလူမျိုးတို့ သည် ကုန်းမြင့်ပိုင်းဒေသသို့ ပြန်လည်အခြေချသည့် အေဒီ(၈)ရာစု အစောပိုင်း ကာလမှ စတင်စိုက်ပျိုးခဲ့သည်ဟု ယူဆနိုင်ပေသည်။
နောင်တွင် တရုတ်တို့က ချရှန်(Cha-Shan)ခေါ် လက်ဖက်တောင်ဟု ခေါ်ဆိုလာကြသည်အထိ လက်ဖက်စိုက်ပျိုးရေးလုပ်ငန်း ထွန်းကားခဲ့ခြင်း ဖြစ်သည်။ လက်ဖက်သည် အရှေ့တောင်အာရှတွင် စတင်ဖြစ်ထွန်းပြီး အရသာ ခါးသောအပင်မျိုးဖြစ်သည်။
"လက်ဖက်"ဟူသောဝေါဟာရသည် တိဗက်-ဗမာ (Tibto-Burman)ဖြစ်သည့် လောလောလူမျိုးနှင့် လီဆူးလူမျိုးနွယ်စုများက ဂေါ့စထရိုင် အေရှစကား လက်(အရွက်)ကိုယူသုံးပြီး ၎င်းတို့စကားဖြင့် ဖက်(ထုပ်စရာ)ကို နောက်ကတွဲ၍ ထည့်လိုက်ခြင်းအားဖြင့် ဤအပင်၏နာမည်မှာ "လက်ဖက်" ဖြစ်လာခြင်းဖြစ်သည်။

တချို့သောအဆိုက ဗမာဘုရင် ပုဂံခေတ် အလောင်းစည်သူမင်း သို့မဟုတ် နရပတိစည်သူမင်း တိုင်းခန်းလှည့်လည်ရင်း ဇမ္ဗုသပြေပင်ပေါက်ရာ မာလာယု ကျွန်း(မလေးနိုင်ငံ)သို့ရောက်ရှိသွားစဉ် ဘီလူးမတစ်ကောင်ထံမှ စံကားဝါ ကိုးပိုင်းနှင့်အတူ နုထိလင်္ကာငှက်ကြီး၏ စလုတ်မှရရှိသော ဇမ္ဗုသပြေစေ့ (ခ)နီလဗီဇရဿဝတီနတ်သစ်စေ့များကို တောင်မအကြီးအကဲဖြစ်သူ တားကျုံ၊ တားငွိုင်နှင့် တားဆိုင်မြော့တို့ထံသို့ ပေးသနားသည်ဟု ရေးသားထားသကဲ့သို့ လွယ်လုံပြည့်ရှင်မင်း(ဝါ)တောင်ပိုင်ပြည့်ရှင်မင်း ရွှေနန်းရှင် ရာမဓိမင်းလက်ထက်တော်တွင် မင်းကြီးကိုယ်တိုင် ယောနကတိုင်း(ရူတအာင်းမျိုးနွယ်၏ နေမင်းနိုင်ငံတော် ဖြစ်ဟန်တူသည်)သို့ ခရီးကြွချီတော်မူပြီး ဗုဒ္ဓဒေသနာတော်နှင့် အတူ ပြည်သူပြည်သားများ လုပ်ကိုင်စားသုံးနိုင်ရန် နတ်သစ်စေ့(လက်ဖက်စေ့) များကို ယူဆောင်လာကြောင်း တွေ့ရပြန်တော့သည်။ အထက်ပါအဆိုနှစ်ခုတွင် ဒုတိယအဆိုက ဖြစ်နိုင်ခြေ ပို၍များ၏။ သို့သော် ခိုင်လုံမှုနည်းသည်။ ကတူးတအာင်း မျိုးနွယ်စုသည် နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် ပန်လုံ ဒေသတို့ နေထိုင်စဉ်က လက်ဖက်စိုက်ပျိုးခြင်းမရှိသေးဘဲ တောင်ကုန်းတောင်တန်းများဖြစ်ကြသော လွယ်ဆိုင်၊ တောင်မ၊ မိုက်တွန့်စမ်နှင့် နမ့်ဆန်(ခ)လွယ်လုံဒေသသို့ တက်ရောက်အခြေချနေထိုင်ပြီးနောက် ရူမျိုးနွယ်စုတို့ဌာန ရွှေသွားစော်ဘွားများ၏ နေမင်းနိုင်ငံတော်နှင့် ဆက်ဆံ သွားလာရာမှ လက်ဖက်မျိုးစေ့ရခဲ့ခြင်းဖြစ်ဟန်တူသည်။
တောင်တန်းဆီကသာယာဖွယ်
တအာင်းလူမျိုးတို့သည် လက်ဖက်နှင့်သာ အသက်မွေးဝမ်းကျောင်းပြုသည့်အတွက် မနက်မိုးလင်းမှ မိုးချုပ်အထိ လက်ဖက်လုပ်ငန်းဖြင့် တစ်နေ့တာ ကုန်ဆုံး နေကြသည်။ နံနက်မိုးလင်းသည်နှင့်အမျှ လက်ဖက် လုပ်ငန်း ဆောင်ရွက်ရန်အတွက် နေ့လယ်ခင်းစားသုံးရန် ထမင်းချိုင့်များပြင်ဆင်ခြင်း၊ လက်ဖက်ခူးရန် လိုအပ်သော အသုံးအဆောင်ပစ္စည်းများဖြစ်သည့် ပလိုင်း၊ ရေခပ်သောက်ရန်အတွက် ဘူးသီးခြောက်များ စသည့် လိုအပ်သောပစ္စည်းများ သေချာထည့်ပြီး လက်ဖက်ခူးရန် နေအိမ်မှလက်ဖက်ခြံသို့ ပျော်ပျော်ပါးပါး ချီတက်သွားကြသည်။ လက်ဖက်ခြံသို့ရောက်ရန်အတွက် အကွေ့ အကောက်လမ်းများ၊ အတက်အဆင်းများဖြင့် ကျော်ဖြတ်ကာ လက်ဖက်ခြံသို့ သွားကြမည်ဖြစ်သည်။ လမ်းခရီးမှာ မောပန်းသမျှ ညီညီညာညာ မားမားမတ်မတ် ရှင်သန်နေသည့် လက်ဖက်ပင်များ၏ စိမ်းစိုလန်းဆန်းနေသော လက်ဖက်ညွန့်များကို မြင်သည်နှင့် ပျော်ရွှင်စေမှုဖြင့် ခရီးဦးကြိုစေခဲ့သည်။ ပူပြင်းသော နေရောင်ခြည်အောက်တွင် လက်ဖက်ညွန့်များကို တစ်ညွန့်ချင်းစီခူးရင်း သီချင်းလေးဆိုညည်းကာ ပျော်ရွှင်စရာ လက်ဖက်ကမ္ဘာ ဟု အမည်တပ်ပေးလိုက်ချင်သည်။ မျက်စိတစ်ဆုံး မြင်နေသမျှ ပတ်ဝန်းကျင်က လက်ဖက်ခြံများသာ ပြည့်နှက်ပြီး ဟိုဘက်ခြံမှ သီချင်းဆိုသံ၊ သည်ဘက်ခြံမှ ကျေးငှက် တွန်ကျူးသံတွေသည် လက်ဖက်ခြံမှာ လက်ဖက်ခူးနေသူ များအတွက် အလွန်သာယာဖွယ်ကောင်းသော နေ့ရက် တစ်ရက်ဖြစ်ပါသည်။ တအာင်းလူမျိုးများသည် ရွှေဖီချိန် ရောက်လျှင် မည်သည့်ရေသောက်သောက်၊ မည်သည့် ဒေသရောက်ရောက် အဝေးကတောင်တန်းဆီမှ တအာင်းဌာနေ ရွှေဖီကိုသာ လွမ်းဆွတ်တမ်းတနေကြသည်ကို အဝေးရောက် တအာင်းလူမျိုးများအတွက် နှလုံးသား၏ ပဲ့တင်စကားပြန်ကြားကာ ယုံကြည်ကြသည်။ တအာင်း ဌာနေ ရွှေဖီမြေမှာ အေးချမ်းခြင်း၊ စိမ်းလန်းခြင်း၊ ငြိမ်းချမ်းခြင်းများနှင့် သာယာပျော်ရွှင်ဖွယ်ကောင်းသော ရွှေဖီမြေဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ရေးသား လိုက်ပါသည်။ ။
မိုင်းနော်ရိန်း(လူမှုဘဝ)