မန္တလေး ၁၅ ဇွန်

စတုတ္ထအကြိမ် မန္တလေး နိုင်ငံတကာ မွေးမြူရေးနှင့်စိုက်ပျိုးရေးပြပွဲနှင့် တတိယအကြိမ် မန္တလေး နိုင်ငံတကာ စက်ပစ္စည်းနှင့် လျှပ်စစ်ပစ္စည်းပြပွဲကို မန္တလေးမြို့၊ သိပ္ပံလမ်းပေါ်ရှိ မန္တလေးကွန်ဗင်းရှင်းစင်တာတွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပပြုလုပ်ခဲ့သည်။

 

mdn

 

ရှေးဦးစွာ တက်ရောက်လာသူများက  ပြည်ထောင်စုမြန်မာနိုင်ငံတော်သီချင်းသီဆိုပြီး မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်၊ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာစိုးသန်းနှင့် တာဝန်ရှိသူများက အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်သည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာစိုးသန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်နှင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာမြဟန် တို့က အမှာစကား ပြောကြားသည်။

၎င်းနောက် ပြည်တွင်းပြည်ပ ကုမ္ပဏီများ၊ အသင်းအဖွဲ့များက လယ်ယာသုံးစက်ပစ္စည်းထုတ်လုပ် ရောင်းချသူများ အသင်းဖွဲ့စည်းရေးဆိုင်ရာ ပြည်တွင်းလုပ်ငန်းရှင်များ(MOU) လက်မှတ်ရေးထိုးခြင်း၊ နိုင်ငံတကာ ပြပွဲများ စီစဉ်ဆောင်ရွက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး(MOU) လက်မှတ်ရေးထိုးခြင်း အစရှိသော စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နှစ်ဖက်သဘောတူညီမှုဆိုင်ရာ (MOU) လက်မှတ်ခြင်းများအား တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြသည်။ ယင်းနောက် တာဝန်ရှိသူများက ခင်းကျင်းပြသထားသော စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာ ပြခန်းများ၊ စက်ပစ္စည်းနှင့်လျှပ်စစ်ပစ္စည်းဆိုင်ရာ ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

 

mdn

 

အဆိုပါ ပြပွဲများကို ဇွန်လ ၁၅ ရက် မှ ၁၇ ရက်ထိ (၃)ရက်ကြာ ခင်းကျင်းပြသသွားမည်ဖြစ်ကာ ဟောပြောပွဲများနှင့် ဆွေးနွေးပွဲများလည်း ပါဝင်ကြောင်းသိရသည်။ ဖွင့်ပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်နှင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ မန္တလေးစက်မှုဇုံစီမံခန့်ခွဲရေးကော်မတီမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)