ထန်းတပင် ၁၅ ဇွန်
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် အမှတ်(၄)ရပ်ကွက်ရှိ ကျွန်းငူ ကုက္ကိုဝမြစ်ကမ်းနား သည် မြစ်ရေတိုက်စားမှုများကြောင့် ကမ်းပြိုကျနိုင်သည့် အနေအထားဖြစ်ပေါ်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မြင့်နှင့်အဖွဲ့ဝင်များက မြစ်ကမ်းပါးထိန်း သိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ မြစ်ကမ်းပါးသည် ယခင်နှစ်များက ကမ်းပါးပြိုကျမှုများကြောင့် မြစ်ကမ်းစပ်တွင် ကမ်းထိန်း နံရံများတည်ဆောက်ခဲ့ပြီးဖြစ်သော်လည်း ဆက်လက်၍ မြစ်ရေတိုက်စားမှုများကြောင့် ကမ်းပါးပြိုကျမှုများ ဖြစ်ပေါ်လျက်ရှိပြီး ယခုအခါ အချိန်အခါမရွေး ထပ်မံ၍ ကမ်းပြိုကျနိုင်သည့် အနေအထားများကြောင့် အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မြင့်နှင့်အဖွဲ့ဝင်များက ဝါးမျောတိုင်များရိုက်ခြင်း၊ ဝါးကပ်များကာရံ ခြင်းနှင့် သဲအိတ်များဖြည့်ခြင်းဖြင့် မြစ်ကမ်းပါးထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ကမ်းပြိုကာကွယ်ရေးလုပ်ငန်းကို ဇွန်လ(၃)နေ့မှ စတင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ကျောင်းသား၊ ကျောင်းသူများ၊ စက်ရုံဆင်းလုပ်သားများနှင့် ခရီးသွားပြည်သူများ ကျွန်းငူမြစ်ကမ်းနား အတက်အဆင်း သွားလာရာတွင် အန္တရာယ်ကင်းရှင်းစွာဖြင့် သွားရေးလာရေး အဆင်ပြေစေရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ အတက်အဆင်း အသွားအလာများသည့် နေရာတွင် ဝါးမျောတိုင်များရိုက်၍ ဝါးကပ်များဖြင့်ကာရံကာ သဲအိတ်(၃၅ဝဝ)ကျော်တို့ဖြင့် မြစ်ကမ်းပါးထိန်းသိမ်းခြင်း လုပ်ငန်းများကို ကမ်းပါးပေအရှည် (၁၅၀)အထိ ဆောင်ရွက်လျက်ရှိကြောင်း အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးခင်မြင့်ထံမှ သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)