ကျွန်းစု ၁၅ ဇွန်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြည်သူများ အသိပညာများ တိုးတက်လာစေရန်နှင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် မြို့နယ်အဆင့် သွေးလွန် တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး အသိပညာပေးဟောပြောပွဲနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ယနေ့ နံနက် ၈ နာရီက ကျွန်းစုမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲကို အမှတ်(၃)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိန်းညွန့်က သွေးလွန်တုပ်ကွေးရောဂါနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးခေါင်းစဉ်ဖြင့် လည်းကောင်း၊ ခေတ္တမြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်ကျော်စိုးက သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားစေသည့်အကြောင်းရင်းများနှင့် ရောဂါမဖြစ်ပွားအောင် ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို လည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး အဆင့်(၁)ဒေါ်မျိုးမျိုးလှိုင်က သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများ၊ ရောဂါမဖြစ်ပွားအောင် ကာကွယ် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ကြသည်။
ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဟောပြောပွဲသို့ တက်ရောက်လာသူများအား ဆေးစိမ်ခြင်ထောင်အလုံး(၈၀)နှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက ပိုးလောက်လန်းနှိမ်နင်းရေးလုပ်ငန်းများ၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်းတို့ကို အမှတ်(၃)ရပ်ကွက်အတွင်းရှိ နေအိမ်များအား အိမ်တိုင်းစေ့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)
