နမ့်ဆန် ၁၅ ဇွန်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက နတလ သင်တန်းကျောင်း ခန်းမဆောင်၌ ကျင်းပသည်။

အခမ်းအနားတွင် နတလသင်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးဝင်းမင်းက ဟောပြောပွဲ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးသန့်ဇော်မိုးက ဖြစ်ပွားလေ့ရှိသည့် မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ မြေပြိုမှု၊ မုန်တိုင်းအန္တရာယ်၊ မိုးခေါင်ရေရှားပါးမှုနှင့် ကပ်ရောဂါဘေး စသည့် သဘာဝဘေးများ အကြောင်းနှင့် သဘာဝဘေးဖြစ်ပေါ်လာပါက ကြိုတင်ပြင်ဆင်ရမည့်နည်းလမ်းများကို ပါဝါပွိုင့်နှင့် ပြသရှင်းလင်း ဟောပြောသည်။

 

mdn

 

ထို့နောက်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ထားထားလှိုင်က သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးအကြောင်းကို ဟောပြောခြင်း၊ သဘာဝဘေးအသိပညာပေး ဇာတ်လမ်းတိုကို ပရိုဂျက်တာဖြင့် ပြသခဲ့သည်။ ကျောင်းသားကျောင်းသူများက ခင်းကျင်းပြသထားသော သဘာဝဘေး နှင့်ပတ်သက်သည့် နံရံကပ်စာစောင်များ၊ ပိုစတာများကို ကြည့်ရှုမှတ်သားခဲ့ကြသည်။

ဟောပြောပွဲအပြီးတွင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း မှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ကျောင်းသားများနှင့် ပန်းချီ၊ စာစီစာကုံး၊ အားကစားပြိုင်ပွဲများတွင် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအုပ်ဆရာကြီးက ဆုချီးမြင့်ပေးသည်။ ယင်းနောက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအနေဖြင့် မီးသတ်ဆေးဘူးအသုံးပြုပုံ၊ အသုံးပြုနည်း၊ မီးလောင်မှုဖြစ်ပွားပါက မီးသတ်စက်များဖြင့် မီးငြိမ်းသတ်သည့် သရုပ်ပြကွက်များကို လည်းကောင်း၊ မြို့နယ်ကြက်ခြေနီ ဆေးတပ်ဖွဲ့ခေါင်းဆောင် ဦးခင်မောင်က သဘာဝဘေးအန္တရာယ် ဖြစ်ပွားခြင်းကြောင့် လူကိုအန္တရာယ်မဖြစ်စေရန် ကြိုတင်ပြင်ဆင်ရမည့် နည်းလမ်းများ၊ ရှေးဦးပြုစုခြင်း နည်းလမ်းများကိုလည်း ကျောင်းသား၊ ကျောင်းသူများအား လက်တွေ့သရုပ်ပြသပေးခဲ့ကြောင်း သိရသည်။

အောင်မိုး (နမ့်ဆန် ပြန်/ဆက်)

 

mdn