ရန်ကုန် ၁၅ ဇွန်
ထိုင်းနိုင်ငံ Pattaya ကမ်းခြေတွင် ဇွန် ၁၈ မှ ၂၃ ရက်အထိ ကျင်းပမည့် အရှေ့တောင်အာရှ သက်ငယ်တန်းနှင့် သက်ကြီးတန်း အနောက်တိုင်း လှေလှော်ဖိတ်ခေါ် ပြိုင်ပွဲနှင့် အရှေ့တောင်အာရှ ကနူး လှေလှော်ဖိတ်ခေါ်ပြိုင်ပွဲ ၂၀၁၉ 2019 Southeast Asian Rowning and Canoeing Championship သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာလှေလှော်အားကစားအဖွဲ့အား ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ယမန်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ အင်းလျားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ရုံး၌ တွေ့ဆုံကာလမ်းညွှန်မှာကြားသည်။
ရှေးဦးစွာ ပြည်ပသို့သွားရောက်ယှဉ်ပြိုင်မည့် မြန်မာလှေလှော်အားကစား အဖွဲ့ဝင်များက တစ်ဦးချင်းမိတ်ဆက်ပြီး အသင်းအုပ်ချုပ်သူနှင့် နည်းပြများက ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်က အမှာစကားပြောကြားရာတွင် ကြိုတင်ပြင် ဆင်ထားမှုနှင့် အားကစားသမား တစ်ဦးချင်း စီ၏ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်နိုင်မှုနှင့် တိုးတက်မှု အခြေအနေများကို သိလိုခြင်း ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် အားကစားသမားများ၏ လိုအပ်ချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက်လည်း ဖြစ်ပါကြောင်း၊ အားကစားသမားများ အနေဖြင့်လည်း ပိုမိုကောင်းမွန်သော ရလဒ်ဖြင့် ယှဉ်ပြိုင်စေလိုကြောင်း၊ တစ်နေ့တာ လေ့ကျင့်မှုနှင့်ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားရာတွင် ကြုံတွေခဲ့ ရသည့် အကြောင်း အရာများအား နေ့စဉ်မှတ်တမ်းတင်ထားရှိရန်နှင့် မိမိကိုယ်ကိုယ်ပြန်လည်သုံးသပ်ရန် လမ်းညွှန် အားပေးစကားပြောကြားပြီး အုပ်ချုပ်သူ/နည်းပြ၊ အားကစားသမားများ တစ်ဦးချင်းအား နှုတ်ဆက်အားပေးခဲ့သည်။
(သတင်းစဉ်)