ပုသိမ် ၁၅ ဇွန်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လူငယ်ရေးရာကော်မတီဝင်များ၊ အဖွဲ့အစည်းများမှ လူငယ်များနှင့်တွေ့ဆုံကာ လူငယ်ရေးရာမူဝါဒ၏ အရေးပါမှု၊ မဟာဗျူဟာရေးဆွဲပြီး ဆက်လက်အကောင်အထည်ဖော်ရန် လုပ်ငန်းစဉ်များရေးဆွဲရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးသည်။
ပြည်ထောင်စုဝန်ကြီး က ကမ္ဘာ့နိုင်ငံအသီးသီးတွင် လူငယ့်ရေးရာမူဝါဒကို အကောင် အထည်ဖော်လျက်ရှိကြရာ မိမိတို့နိုင်ငံ၌လည်း လူငယ်များ၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကဏ္ဍ (၁၆)ရပ်ပါဝင်သော လူငယ်ရေးရာ မူဝါဒတစ်ရပ်ပေါ် ပေါက်လာပြီဖြစ်ကြောင်း၊ ထိုကဏ္ဍများကိုသက်ဆိုင်ရာဝန်ကြီးဌာန၏ ကိုယ်စားလှယ် များနှင့်အတူ တိုင်းဒေသကြီး / ပြည်နယ်အသီးသီးမှကိုယ်စားပြု လူငယ်များကိုယ်တိုင် ပါဝင်ရေးဆွဲထားခြင်းဖြစ်ပါကြောင်း၊ မဟာဗျူဟာကိုလည်း မကြာသေးမီကရေးဆွဲခဲ့ပြီး ဖြစ်ကြောင်း၊ ဒေသအလိုက်ဦးစားပေးကဏ္ဍများကို အကောင် အထည်ဖေါ်ရန်လုပ်ငန်း စဉ်များ ချမှတ်နိုင်ရေး ဆက်လက်ဆောင်ရွက်ကြရန်နှင့် အကောင်အထည်ဖော် ဆောင်ရွက်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များ အလိုက်ရန်ပုံငွေများ ထားရှိနိုင်ရေးကြိုးပမ်းလျက်ရှိပါကြောင်း၊ လူငယ်မူဝါဒကို လူငယ် များအကြား ကျယ်ကျယ်ပြန့်ပြန့်လေ့လာသိရှိနိုင်ရန် လူငယ်များအချင်းချင်း ပြန်လည် ဖြန့်ဝေရန်လိုအပ်သည့်အတွက် မူဝါဒစာအုပ်များလုံလောက်စွာရရှိရန် ကြိုးပမ်းဆောင် ရွက်ပေးမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှု၏အခြေခံသည် တည်ငြိမ်အေးချမ်းမှုဖြစ် သည့်အတွက် လူငယ်များအချင်းချင်း စည်းလုံးညီညွတ်ကြစေလိုကြောင်းနှင့် လူငယ် မူဝါဒကိုအောင်မြင်အောင်ငြိမ်းချမ်းစွာ အကောင်အထည်ဖော်ဆောင်ရွက်ရန် အားလုံး ပူးပေါင်းကူညီပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဝင်များက လူငယ် ရေးရာခရိုင်/ မြို့နယ် ကော်မတီဖွဲ့စည်းနိုင်ရေး၊ လူငယ်စင်တာများ ဖွင့်လှစ်နိုင်ရေး၊ ဘတ်ဂျက်ထည့်သွင်းရရှိနိုင်ရေး၊ လူငယ်ရေးရာမူဝါဒတွင်လူငယ်များအားလုံး လေ့လာ၍ ပါဝင်လာနိုင်စေရန်မူဝါဒစာအုပ်များ ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဖြူးနိုင်ရေးစီစဉ် ဆောင်ရွက် ပေးရေး၊ အစိုးရမဟုတ်သောပြည်တွင်း/ ပြည်ပအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက် နေမှု၊ လူငယ်များမူးယစ်ဆေးဝါးအန္တရာယ်စိုးရိမ်နေရမှု၊ လူငယ်များလူကုန်ကူးခံရမှု၊ မသန်စွမ်းလူငယ်များအတွက် တိုင်းဒေသကြီးအစိုးရနှင့် ညှိနှိုင်းဆွေးနွေးဆောင်ရွက် နေမှုများနှင့် စိန်ခေါ်မှုများကို တင်ပြဆွေးနွေးကြသည်။
ယင်းနောက်ကော်မတီဝင်များ၏ တင်ပြဆွေးနွေးချက်များကို ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် တာဝန်ရှိသူများက လူငယ်များအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးအစိုးရများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည် လုပ်ငန်းများကို ပြန်လည်ဖြေရှင်းဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)