ရန်ကုန် ၁၅ ဇွန်
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်တွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းများ၊ ဆရာ ဆရာမများ၊ ဂုဏ်ထူးရရှိခဲ့ကြသည့် ကျောင်းသား ကျောင်းသူများ၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ဆုရ ကျောင်းသား ကျောင်းသူများဂုဏ်ပြုပွဲနှင့် National Infrastructure Holdings Co.,Ltd မှ လှူဒါန်းသည့် ကျောင်းဆောင် သစ်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန် တိုင်းဒေသကြီး ကော့မှူး မြို့နယ်အားကစား ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း(ကော့မှူး)မှ ကျောင်းသား ကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖွင့်လှစ်ကြသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က အမှာစကားပြော ကြားရာ၌ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရန်ကုန် တိုင်းဒေသကြီး၏ အောင်ချက် ရာခိုင်နှုန်းမှာ ၃၂ ဒသမ ၆၃ ရာခိုင်နှုန်း၊ ကော့မှူးမြို့ နယ်၏ အောင်ချက် ရာခိုင်နှုန်းမှာ ၂၃ ဒသမ ၇၇ ရာခိုင် နှုန်းဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးတွင် ဖြေဆိုသူ ၈၅၁၅၂၄ ဦးဖြစ်ပြီး အောင်မြင်သူ ၂၆၇၆၉၆ ဦး ဖြစ်သဖြင့် အောင်မြင်သည့် ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၊ မိဘအုပ်ထိန်းသူ ပြည်သူများ အတွက် ဝမ်းသာဂုဏ်ယူပါကြောင်း။
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆို အောင်မြင်ရန်အတွက် အခြေခံကျသည့် အချက်များမှာ ကျောင်းသား ကျောင်းသူများအနေဖြင့် ဘာသာတွဲရွေးချယ်မှုမှန်ကန် ရန်လိုပါကြောင်း၊ ဆရာ ဆရာမများ၏ အထူးပြုဘွဲ့နှင့် သင်ကြားပို့ချသည့် ဘာသာ ရပ်ကိုက်ညီပြီး ဘာသာရပ်အရည်အသွေးပြည့်ဝ၍ သင်ကြားသင်ယူ မှုနည်းလမ်း ကောင်းမွန်ရန် အဓိကအရေးကြီးပါကြောင်း၊ မိဘအုပ်ထိန်းသူ ပြည်သူများနှင့် ပူးပေါင်း၍ စနစ်တကျ သင်ယူလေ့လာရန်နှင့် သက်ဆိုင်ရာ တက္ကသိုလ်များမှ ပါမောက္ခများ၊ ဝါရင့် ဆရာ ဆရာမများနှင့်ပူးပေါင်း၍ အလုပ်ရုံ ဆွေးနွေးပွဲကျင်းပခြင်း၊ ဟောပြောပို့ချခြင်းများ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း။
ဆရာ ဆရာမများ၊ ကျောင်းအုပ်ကြီးများ၊ တာဝန်ရှိသူများအနေဖြင့် ကျောင်း ထွက်နှုန်းလျော့နည်း စေရေးနှင့် ကျောင်းသား ကျောင်းသူတိုင်း အထက်တန်းပညာ သင်ယူပြီး မြောက်စေရေး အလေးထား ကြိုးပမ်းဆောင်ရွက် ကြစေလိုကြောင်း၊ အခြေခံပညာကျောင်းများတွင် ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း ကျောင်း သား ကျောင်းသူများအားလုံး စာရေးတတ်၊ စာဖတ်တတ်၊ အခြေခံသင်္ချာတွက် ချက်တတ်ရန်အတွက် အလေးအနက်ထားဆောင်ရွက်လျက်ရှိ ပြီး ကျောင်းသား ကျောင်းသူများကို တစ်ဦးနှင့်တစ်ဦး အပြန်အလှန် နားလည်မှု၊ လေးစားမှု၊ ကူညီတတ်မှုရှိပြီး အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ပူးပေါင်း ဆောင်ရွက် တတ်သော လူသားကောင်းများ ဖြစ်စေရန် လေ့ကျင့်ပေးရန်လိုအပ်ပါ ကြောင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ဆောင်ရွက်တတ်စေရန် ငယ်စဉ်ကပင် ပြုစုပျိုးထောင် ပေးရန်လို အပ်ပါကြောင်း၊ လူငယ်များ၏ဆန်းသစ် တီထွင်ဖန်တီးလိုသော စိတ်ဓာတ်ကို မြေတောင်မြှောက်ပေးစေလိုပါကြောင်း။
ကျောင်းအလိုက် လိုအပ်လျက်ရှိသည့် စာသင်ခန်း၊ သန့်စင်ခန်းများ၊ ပရိ ဘောဂပစ္စည်းများ၊ သင်ထောက်ကူ ပစ္စည်းများ၊ စာအုပ်များ၊ အားကစားပစ္စည်းများ၊ သောက်သုံးရေလို အပ်ချက်များကို စနစ်တကျစာရင်းပြုစု တင်ပြကြစေလိုပါ ကြောင်းနှင့် ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း ရရှိသည့်ဘဏ္ဍာငွေအပေါ်မူ တည်၍ နှစ်စဉ် ဦးစားပေး အစီအစဉ်အလိုက် ပံ့ပိုးဖြည့်ဆည်းဆောင်ရွက် ပေးလျက် ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်း၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်တို့က အမှာစကားပြောကြားပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆွေဝင်း က ဂုဏ်ပြုပွဲ ကျင်းပရခြင်းအတွက် ဝမ်းသာပီတိ စကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကျောင်းဆောင် သစ်လှူဒါန်းခဲ့ကြသည့် ကျောင်းအလှူရှင်အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်ခဲ့ ပြီး ကော့မှူးမြို့နယ်အတွင်းရှိ ကျောင်းများအတွက် ဗလာစာအုပ်နှင့် ကျောပိုးအိတ် များအားပေးအပ်လှူဒါန်းသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများက ၂၀၁၈-၂၀၁၉ ပညာ သင်နှစ်တွင် အောင်ချက်ရာခိုင်နှုန်း(ပထမ)ဆုရရှိသည့် အထက(ကျုံဒရယ်)၊ ဒုတိယဆုရရှိသည့် အထက (ကညင်ငူ)၊ တတိယဆုရရှိသည့် အထက(ကျိုက်ထော်) ကျောင်းတို့ အားဂုဏ်ပြုဆုများချီးမြှင့်ပြီး ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ဘာသာရပ်ထူးချွန်ဆုရရှိသည့် ဆရာ ဆရာမ(၂၄)ဦးနှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဂုဏ်ထူး ရ ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုများပေးအပ် ချီးမြှင့်ပြီး ဝိုင်းဝန်းကူညီ ပေးခဲ့ကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသ ကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့်တာဝန်ရှိသူများသည် အခြေခံပညာ အထက်တန်းကျောင်းခွဲ (ညောင်ကုန်း) ကျောင်းဆောင်သစ် လှူဒါန်းပွဲအခမ်းအနား သို့ တက်ရောက်အမှာစကား ပြောကြားကြသည်။
အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာရေးကဏ္ဍ အကောင် အထည်ဖော်အောင်မြင်ရေးအတွက် ကဏ္ဍတစ်ရပ်ဖြစ်သည့် ကျောင်းနေအရွယ် ကလေးများ၊ လူငယ်များအခြေခံပညာကို လက်လှမ်းမီသင်ယူနိုင်ခွင့်ရရှိစေရေး အတွက် မသင်မနေရအခမဲ့ ပညာရေးစနစ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ကျောင်းနေအရွယ် ကလေးလူငယ်တိုင်း ကျောင်းအပ်နှံရေး အခွင့် အလမ်းများတိုးတက်ရရှိစေရေး၊ ကျောင်းအပ်နှုန်းမြင့်မားစေရေးနှင့် ကျောင်းထွက်မှုနှုန်းလျော့ကျစေရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
နှစ်ပေါင်းများစွာ ပညာရေးကဏ္ဍတွင် အားနည်းနေခဲ့သဖြင့် ကျောင်းနေ အရွယ်ကလေးများကျောင်း နေနိုင်ရန် မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများ၏ စုစည်းအင်အားဖြင့် ဆရာ ဆရာမများ၊ စာသင်ခန်းများ၊ စာသင် ခုံများ စသည်တို့ကို ကိုယ့်အားကိုယ်ကိုးဖြင့် ဆောင်ရွက်ခဲ့ရပါကြောင်း။
ပြည်သူ့အစိုးရတာဝန်ယူသည့် အချိန်မှစ၍ ကျောင်းအဆင့်တိုးမြှင့်ခြင်း၊ ဆရာ ဆရာမများခန့်ထားခြင်း၊ ကျောင်းစာ သင်ခန်းများ၊ စာသင်ခုံများ၊ သင်ထောက်ကူ ပစ္စည်းများ ဖြည့်ဆည်းခြင်း၊ စာကြည့်တိုက်၊ အားကစား၊ သောက်ရေသုံးရေ၊ သန့်စင်ခန်းများ ဖြည့်ဆည်းပေးခြင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကို အားပေး မြှင့်တင်ခြင်း၊ KG +၁၂ တန်း အခြေခံ ပညာရေးစနစ်နှင့် အခမဲ့အခြေခံပညာရေး စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသော်လည်း ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် စာသင်ဆောင်ပေါင်း ၄၅၁၂၉၊ မူလတန်းပြဆရာဦးရေ ၅၀၈၂၀၊ အလယ် တန်းပြဆရာဦးရေ ၂၂၃၃၁၊ အထက်တန်း ပြဆရာဦးရေ ၁၁၃၅၀ တို့လိုအပ်လျက်ရှိပါကြောင်း။
ထို့ကြောင့် နိုင်ငံတော်၏ခွင့်ပြု ဘဏ္ဍာ ငွေအရ ကျောင်းဆောင်များ၊ ဆရာများ ဖြည့်ဆည်းပေးနေသော်လည်း လိုအပ်ချက် များရှိနေသေးသဖြင့် အလှူရှင်များနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ လှူဒါန်းထောက်ပံ့မှုသည်လည်း အရေးကြီးပါကြောင်း၊ ယနေ့ National Infrastructure Holdings Co.,Ltd မှ ပေ ၉၀ × ၃၀ RC တစ်ထပ် ကျောင်းဆောင် (၄)လုံး ဆောက်လုပ်လှူဒါန်းခြင်းသည် အစိုးရ၊ ပြည်သူနှင့် ပုဂ္ဂလိက ကဏ္ဍတို့၏စုပေါင်း အင်အားဖြင့် လိုအပ်ချက်များကို ပူးပေါင်းဖြည့်ဆည်း ခြင်းဖြစ် သဖြင့် ဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် အလှူရှင်များကို ကျေးဇူးတင်ရှိ ပါကြောင်းပြောကြားသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က မုဒိတာစကားပြောကြားရာတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ကျောင်းဆောင်များပေး အပ်လှူဒါန်းခြင်းဖြင့် ကျောင်းသား ကျောင်းသူများ စိတ်ချလုံခြုံသည့် စာသင်ခန်းများ ဖြင့် ပညာသင်ကြားနိုင်မည်ဖြစ်ပါကြောင်း၊ ပညာရေးကဏ္ဍနှင့် သက်မွေးပညာကဏ္ဍ များကို ရင်းနှီးမြှုပ်နှံခြင်းဖြင့် နိုင်ငံတကာနှင့် ရင်ဘောင်တန်းလာနိုင်မည်ဖြစ်ပါ ကြောင်း၊ ထို့ပြင် အကြောင်းအမျိုးမျိုးဖြင့် စာမသင်ကြားနိုင်သူ များကို လူတိုင်းစာ တတ်မြောက်စေရန် ကျောင်းပြင်ပပညာရေးလုပ်ငန်းများဖြင့် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ကျောင်းသား ကျောင်းသူကလေးများသည် နိုင်ငံ၏အနာဂတ်များဖြစ်သည့် အတွက် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆရာ ဆရာမများ၊ ကျောင်း သားမိဘများ၊ ပြည်သူများ၏ပူးပေါင်းပါဝင်မှုဖြင့် အောင်မြင်စွာဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်းနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန် စေတနာဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြ သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် အခြေခံပညာ မူလတန်း လွန်ကျောင်း (ကျုံဖာ)၌ ကျင်းပသည့် ကျောင်းဆောင်သစ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)