ဖြူး ၁၆ ဇွန် 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) တွင် ရွေ့လျားစာကြည့်တိုက်နှင့် စာငှားလုပ်ငန်းဝန်ဆောင်မှု သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့သည်။ 

အဆိုပါ သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖြူးမြို့နယ်ရုံးနှင့် ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့(SVA)တို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်သည်။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ဖြူးမြို့နယ်အတွင်းရွေ့လျား စာကြည့်တိုက်ဆောင်ရွက်မည့်ကျောင်း (၁၅)ကျောင်းမှ တစ်ကျောင်းလျှင် ဆရာ/ဆရာမ (၂)ဦးစီဖြင့် သင်တန်းသား အယောက်(၃၀)ကို သင်တန်းပေးခြင်းဖြစ်ပါသည်။

ရှေးဦးစွာပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖြူးမြို့နယ်ရုံးမှ ဒေါ်နွယ်နွယ်အေး က အခြေခံပညာကျောင်းများရှိ မူလတန်းအဆင့်ကျောင်းသားကျောင်းသူများ စာဖတ်စွမ်းရည်မြင့်မားအောင် ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်ရာတွင် မြို့နယ်အတွင်း ပညာရေးဌာနမှ ရွေ့လျား စာကြည့်တိုက် တာဝန်ခံဆရာ/ဆရာမများက ပါဝင်ဆောင်ရွက်မှုပေးခြင်း၊ ရွေ့လျားစာကြည့်တိုက်နှင့် စာငှားဝန်ဆောင်မှုများ တိုးတက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သင်တန်းတွင် ရှန်တီစေတနာ့ဝန်ထမ်း (SVA) မှ Representative of PR with CP Secretary of Director ဦးသော်တာစိုး က ပုံပြင်တွင်စွမ်းအားတွေရှိသည့်အတွက် ကလေးများကို ပုံပြင်ပြောကြားဖို့ လိုအပ်ကြောင်းနှင့် ပုံပြင်ပြောခြင်း၏ အရေးပါပုံတို့ သိရှိကြစေရန် ရုပ်ပုံစာအုပ်အသုံးပြု၍ ပုံပြင်ပြောခြင်းများကို လက်တွေ့လေ့ကျင့် ခဲ့ကြသည်။ စက္ကူပြဇာတ်နှင့် ပုံပြင်ပြောခြင်းသိရှိစေရန် လက်တွေ့ပြသခဲ့ပြီး စာငှားလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။ 

သင်တန်းဖွင့်လှစ်ခြင်းအားဖြင့် ကလေးများ စာအုပ်စာပေကို စိတ်ဝင်စားလာပြီး စာဖတ်ရှိန်မြင့်တက် လာနိုင်ကြောင်း ၊ အသိပညာဗဟုသုတများ တိုးပွား၍ ပညာပြည့်ဝ နှလုံးလှလူငယ်များ ဖြစ်လာနိုင်ကြောင်းကို ဆရာဆရာမများက ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြူး ပြန်/ဆက်မှ သတင်းရရှိပါသည်။ 

MDN