ခင်ဦး ၁၆ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့တွင် နွေစပါးရိတ်သိမ်းမှု သရုပ်ပြပွဲနှင့် စပါးရိတ်ခြွေစက် စက်စွမ်းရည် ရှင်းလင်းပွဲကို ညီမင်းစိုး မျိုးစေ့ထုတ်ခြံတွင် ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးလွှတ်တော်မှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဝင်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးသိန်းဇော်၊ မြို့ပေါ်နှင့် ကျေးရွာများမှ စိတ်ပါဝင်စားသည့် တောင်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဝင်၊ မင်းကင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဆန်းဝင်း၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ ဦးသိန်းဇော်တို့က အမှာစကားပြောကြားသည်။
ထို့နောက် ကဆစ်ဖတ်ထနာ မဲဆောက်ကုမွဏီမှ မန်နေဂျာ Mr.Krittanon Narumitlerd ကစပါးရိတ်ခြွေစက်နှင့် ပတ်သက်၍ မိတ်ဆက်ရှင်းလင်းပြီး AICကုမွဏီ စက်အရောင်းအဖွဲ့မှ ဦးလင်းထွဋ်က စက်နှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဝင်းလက်မြေ လယ်ယာဝန်ဆောင်မှုအသင်းမှ တွဲဘက်အတွင်းရေးမှူး ဦးအုန်းငွေက မိတ်ဆက်စကားပြောကြားပြီး GW 1 ပုလဲသွယ် နွေစပါးခင်းကို စပါးရိတ်ခြွေစက်ဖြင့် လက်တွေ့မောင်းနှင်သရုပ်ပြသခဲ့ရာ တက်ရောက်လာသူများက ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
စိုးဝေအောင်(ခင်ဦး)


