နေပြည်တော်  ၁၆  ဇွန် 

 

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား ထောက်ပံ့ခြင်း၊ မသန်စွမ်းသူများအား ကနဦးထောက်ပံ့ပေးခြင်းနှင့် ရှေးဦးအရွယ်ကလေးများအတွက် မိခင်ဝိုင်းများ ဖွင့်လှစ်နိုင်ရန် ထောက်ပံ့ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ ရှိ ဧရာရွှေဝါခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများ တွင် ပဋိသန္ဓေတည်သည်မှစ၍ ကလေးသူငယ်များ၏ အသက် ရှင်သန်ခွင့်၊ အစောင့်အရှောက်ခံ ပိုင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်နှင့် အသက်အရွယ်အလိုက် လူမှုကဏ္ဍများ၌ ပါဝင်ခွင့် စသည့် အခွင့်အရေး(၄)ခုကို ရရှိရမည်ဖြစ်ကြောင်း၊ ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ ဥပဒေအသစ်ကို ပြဌာန်းအတည်ပြုပြီးဖြစ်၍ မကြာမီ ထုတ်ပြန်မည်ဖြစ်ပါကြောင်း၊ သက်ကြီးဘိုးဘွားများကိုလည်း ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးလျက်ရှိရာ အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား ငွေကြေး ထောက်ပံ့ခြင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ မသန်စွမ်းများနှင့် ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေ ပေါ်ပေါက်ပြီး ဖြစ်ကြောင်း၊ အမျိုးသားကော်မတီ၊ လုပ်ငန်း ကော်မတီများ ဖွဲ့စည်းပြီး မဟာဗျူဟာစီမံချက်များနှင့် လုပ်ငန်းစဉ် များ ချမှတ်လျက်ရှိပါကြောင်း၊ အဆိုပါကော်မတီများ၌ မသန်စွမ်းအဖွဲ့အစည်းများလည်း ပါဝင်ပါကြောင်း။

 

လက်ရှိတွင် မသန်စွမ်းသူများအား ကနဦးထောက်ပံ့ခြင်းများ ဆောင်ရွက်နေပါကြောင်း၊ ပိုမိုစနစ်ကျသော ထောက်ပံ့ခြင်းများ၊ လူမှုကဏ္ဍများ၌ ပါဝင်စွမ်းဆောင်နိုင်ရန် ပံ့ပိုးခြင်းများ ဆောင်ရွက်နိုင်ရန် အမြင်အာရုံမသန်စွမ်းမှု၊ အကြားအာရုံမသန်စွမ်းမှု၊ ကိုယ်ခန္ဓာမသန်စွမ်းမှုနှင့် ဉာဏ်ရည်မသန်စွမ်းများအလိုက် မသန်စွမ်းအဆင့်ခွဲခြားပြီး မသန်စွမ်းမှတ်ပုံတင်များ ရရှိလာမည်ဖြစ်ကြောင်း၊ မသန်စွမ်းရန်ပုံငွေထူထောင်ပြီး မသန်စွမ်းများ၏ ဖွံ့ဖြိုးတိုးတက်မှုများ အတွက် ကြိုးပမ်းလျက်ရှိကြောင်း။

 

မွေးစမှ အသက်(၃)နှစ်အရွယ်အထိ ကလေးငယ်များအတွက် နေ့ကလေးထိန်း ကျောင်း များ မရှိသေးသော ဒေသများ၌ မိခင်ဝိုင်းများ ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊  ဝန်ကြီးဌာန၏ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စေရန် ပြည်သူများ၊ လူမှု အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာအစိုးရဌာနများက ပူးပေါင်းပေးကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား (၁၄,၉၈၂)ဦးအတွက် ထောက်ပံ့ငွေကျပ် ( ၇၄၉,၄၆၀,ဝ၀ဝ)၊ ပုသိမ်ခရိုင်၊ မြောင်းမြခရိုင်၊ ဟင်္သာတခရိုင်၊ ဖျာပုံခရိုင်၊ မအူပင်ခရိုင်နှင့် လပွတ္တာခရိုင်များအတွင်းရှိ မသန်စွမ်းသူ စုစုပေါင်း (၁၈,၅၄၈)ဦးအတွက် တစ်ဦးလျှင်ငွေကျပ် သုံးသောင်းနှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် (၅၅၆,၄၄၀,ဝ၀ဝ)၊ ပုသိမ်မြို့ ရပ်ကွက် (၈)၊ ငါးသိုင်းချောင်းမြို့ ငဝန်ရပ်ကွက်နှင့် ရွှေဘိုရပ်ကွက်၊ ကျောင်းကုန်းမြို့၊ အိုးဖိုကျေးရွာနှင့် စစ်ကိုင်းထောင့်ရပ်ကွက်များအတွက် မိခင်ဝိုင်းတစ်ဝိုင်းစီ ဖွင့်လှစ်ရန် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၈၅၀,ဝ၀ဝ)နှင့် မသန်စွမ်းကလေးငယ်တစ်ဦးအတွက် ဝှီးချဲတို့ကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

 

ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးက ထောက်ပံ့မှုများအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်မြို့ မူလတန်းကြိုကျောင်းသို့ ရောက်ရှိပြီး လူမှုဝန်ထမ်းဦးစီးဌာနကကြီးမှူး၍ ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအသင်းနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းတစ်ခုဖြစ်သည့် သင်္ဂဟ ကျား/မ ရေးရာအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် ကျား/မရေးရာ အမြင်ဖွင့်သင်တန်းသို့ သွားရောက်ကြည့်ရှုသည်။ 

 

(သတင်းစဉ်)