၁၆ ဇွန် 

 

ဇွန် ၁၃ ရက်မှ ၁၆ ရက်အထိ မောရစ်သျှနိုင်ငံ၌ ကျင်းပသည့် International Series ကြက်တောင်ရိုက်ပြိုင်ပွဲတွင် မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ ချန်ပီယံဆု ဆွတ်ခူးရရှိခဲ့သည်။

 

သက်ထားသူဇာသည် ယခုပြိုင်ပွဲတွင်လည်း လက်စွမ်းပြကာ ပြိုင်ဘက်ကစားသမားများကို အနိုင်ယူပြီး ချန်ပီယံဆုအား ရယူနိုင်ခဲ့ခြင်းဖြစ်သည်။  သက်ထားသူဇာသည် ယင်းပြိုင်ပွဲတွင်  ပထမအဆင့်မှ စတင်ယှဉ်ပြိုင်ခဲ့ရပြီး လိုမာဘိုဟာ (မောရစ်သျှ) ကို ၂၁-၃ မှတ်၊ ၂၁-၁၀ မှတ်ဖြင့် နှစ်ပွဲပြတ်၊ ဒုတိယအဆင့်တွင် ရာဒီကာရီရှာနန် (မလေးရှား) ကို ၂၁-၁၉ မှတ်၊ ၂၁-၁၂ မှတ်ဖြင့် နှစ်ပွဲပြတ်၊ ကွာတားဖိုင်နယ်တွင်  ကိတ်ဖိုကူနီ (မောရစ်သျှ) ကို ၂၁-၁၉ မှတ်၊ ၂၁-၁၆ မှတ်ဖြင့် နှစ်ပွဲ ပြတ်၊ ဆီမီးဖိုင်နယ်တွင် ချူကာ (အိန္ဒိယ) ကို ၁၃-၂၁ မှတ်၊ ၂၁-၁၉ မှတ်၊ ၂၁-၁၆ မှတ် နှစ်ပွဲ-တစ်ပွဲဖြင့် အနိုင်ရခဲ့သည်။ ဗိုလ်လုပွဲတွင်မူ အီရီမစ်ကီလာ (ဖင်လန်) နှင့် တွေ့ဆုံခဲ့ပြီး  ၂၁-၁၀ မှတ်၊ ၂၁- ၁၉ မှတ်ဖြင့် နှစ်ပွဲပြတ်အနိုင်ရကာ ချန်ပီယံဖြစ်ခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် ဆီမီးဖိုင်နယ်တစ်ခုတည်းသာ ပွဲငယ်သုံးပွဲ ယှဉ်ပြိုင်ခဲ့ရပြီး ကျန်ပွဲများတွင် နှစ်ပွဲပြတ်ဖြင့် အနိုင်ရခဲ့သည်။ 

 

သက်ထားသူဇာသည် ၂၀၁၈ အောက်တိုဘာ မှ ၂၀၁၉ ဇွန်လအထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံတကာပြိုင်ပွဲများ၌ ချန်ပီယံဆု လေးကြိမ်၊ ဒုတိယဆု တစ်ကြိမ် ရရှိထားသည်။ ၂၀၁၈ ခုနှစ် အောက်တိုဘာတွင် အီဂျစ်နိုင်ငံ၌ ကျင်းပသည့် International Series ကြက်တောင်ရိုက်ပြိုင်ပွဲ၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီတွင် ယူဂန္ဓာနိုင်ငံ၌ ကျင်းပသည့် International Series ကြက်တောင်ရိုက်ပြိုင်ပွဲ၊  ကင်ညာနိုင်ငံ၌ ကျင်းပသည့် Furture Series ကြက်တောင်ရိုက်ပြိုင်ပွဲ၊ ဇွန်လတွင် မောရစ်သျှနိုင်ငံ၌ ကျင်းပသည့် International Series ကြက်တောင်ရိုက်ပြိုင်ပွဲတို့တွင် ချန်ပီယံဆုများ ရရှိခဲ့သည်။ 

 

သက်ထားသူဇာသည် ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရန် ကြိုးပမ်းနေသူဖြစ်ပြီး နိုင်ငံတကာပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

 

ဓာတ်ပုံ-ဖိုးသော်ဇင်