ရီယာ့ဒ် ၁၇ ဇွန် 

ဆော်ဒီတော်ဝင်အိမ်ရှေ့မင်းသား  မိုဟာမက်ဘင်ဆယ်လ်မန်သည်  ဆော်ဒီသတင်းသမား ခါရှော့ဂီ အသတ်ခံရမှုနှင့်ပတ်သက်၍      နိုင်ငံရေးအမြတ်ထုတ်ခြင်းမပြုလုပ်ရန်      သတိပေးလိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက အစ္စတန်ဘူလ်ရှိ ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်း  သတင်းထောက်ခါရှော့ဂီကို ရက်ရက်စက်စက်သတ်ဖြတ်ကာ အလောင်းဖျောက်ခဲ့မှုဖြစ်ပွား ပြီးနောက်  ဆော်ဒီအာရေဗျနှင့်  တူရကီနိုင်ငံတို့အကြားဆက်ဆံရေးအခြေအနေမှာ ခပ်တန်းတန်းဖြစ်သွားခဲ့ပြီး ယင်းဖြစ်ရပ် ကြောင့်    နိုင်ငံတကာတွင်    ဆော်ဒီတော်ဝင်အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်၏        ဂုဏ်သတင်းကျော်ကြားမှုကို ထိခိုက်စေခဲ့သည်။

တူရကီအာဏာပိုင်များက လူသတ်မှုနှင့်ပတ်သက်၍ ဦးစွာအကြောင်းကြားခဲ့ပြီး  ခါရှော့ဂီ၏အလောင်းမည်သည့်နေရာတွင် ရှိသည်ဆိုသည်နှင့်ပတ်သက်သည့် သတင်းအချက်အလက်ရရှိ ရေးအတွက် ဆော်ဒီအာရေဗျအပေါ် အဆက်မပြတ် ဖိအားပေး လျက်ရှိသည်။

ဂျမားလ်ခါရှော့ဂီသေဆုံးမှုသည် အလွန်စိတ်မချမ်းမြေ့စရာကောင်းသည့်  ရာဇဝတ်မှုတစ်ခုဖြစ်ကြောင်း မင်းသားမိုဟာမက်က  ပန်အာရပ်  နေ့စဉ်သတင်းစာနှင့်  ဇွန်  ၁၆  ရက်က  ပြုလုပ်သည့်တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

ယင်းကိစ္စကို နိုင်ငံရေးအရ အမြတ်ထုတ်ရန် မည်သည့်အဖွဲ့က ကြိုးပမ်းနေသည်ဖြစ်စေ၊ ထိုသို့ကြိုးပမ်းမှုကို ရပ်တန်းကရပ်ရန်နှင့်  သက်သေအထောက်အထားများကို  ဆော်ဒီတရားရုံးသို့ တင်ပြရန် ၄င်းက ပြောကြားခဲ့သည်။ ထိုသို့ ပြောကြားရာတွင် ၄င်းက တူရကီနိုင်ငံဟု အမည်တပ်ခဲ့ခြင်းမရှိဘဲ စောင်းပါးရိပ်ခြည် ပြော ကြားခဲ့ခြင်းဖြစ်သည်။သို့ရာတွင် ဆော်ဒီအိမ်ရှေ့မင်းသားက ၄င်းအနေဖြင့်  တူရကီနိုင်ငံအပါအဝင်  အစ္စလာမ္မစ်နိုင်ငံများ အားလုံးနှင့် ရင်းနှီးဆက်ဆံမှုခိုင်မြဲလိုကြောင်း ထုတ်ဖော်ပြော ကြားခဲ့သည်။

အေအက်ဖ်ပီ