ထီးချိုင့်  ၁၇  ဇွန် 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၌ စားသုံးသူရေးရာ ဦးစီးဌာန၏ စီစဉ်မှုဖြင့် အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ထီးချိုင့်မြို့နယ်ရှိ သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ စားသုံးရန် မသင့်သော စားသောက်ကုန်များကို ယနေ့နံနက် ၁၀ နာရီက ထီးချိုင့်မြို့ အမှတ် (၃) ရပ်ကွက်ရှိ ကုန်စုံဆိုင်များနှင့် အမှတ်(၃)စာသင်ကျောင်းရှိ မုန့်ဈေးတန်းတို့အား ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့သည်။

အဆိုပါ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံဒေါ်ရီရီမြင့်၊  ကျန်းမာရေးဌာနမှ ဦးမျိုးကျော်သက်နှင့် သက်ဆိုင်ရာဌာနများ အမှတ်(၃) ရပ်ကွက်ရှိ ရပ်မိရပ်ဖများက အများပြည်သူများ စားသုံးရန် မသင့်လျော်သည့် စားသောက်ကုန်ပစ္စည်းများကို စစ်ဆေးခြင်း၊ အစားအသောက် ထုတ်လုပ်ခြင်းကို ထောက်ခံချက်မရှိဘဲ  ရောင်းချနေသော ကုန်စုံဆိုင်များအား ရှောင်တခင် စစ်ဆေးဆောင် ရွက်ခဲ့သည်။

ထို့နောက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ရီရီမြင့်က ကျောင်းသားကျောင်းသူလေးများအား ရက်လွန်အစားအစာများနှင့် တားမြစ်ထားသော စားသောက်ကုန်များအား မစားသုံးမိစေရန် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ရဲလင်းထွန်း(ပြန်/ဆက်)