မန္တလေး ၁၇ ဇွန်


ချက်သမ္မတနိုင်ငံမှ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ယဉ်ကျေးမှုအမွေအနှစ်များကို ပြုပြင်ထိန်းသိမ်းနိုင်ရန်အတွက် ကွင်းဆင်းလေ့လာမှုများ ပြုလုပ်နေကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)ထံမှ သိရသည်။

 

1

 


မြန်မာနိုင်ငံဆိုင်ရာ ချက်သံအမတ်ကြီး H.E Mr. Jaroslav Dolecek သည် ဇွန်လ ၁၄ ရက်နေ့က ပုဂံဌာနခွဲမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ ချက်နိုင်ငံက ပထမဆုံးအနေနှင့် ကူညီနိုင်ရန် ကွင်းဆင်းနေခြင်းဖြစ်ကြောင်း သိရသည်။


"အဓိကက ပုဂံမှာရှိတဲ့ ဘုရားတွေကို ပြုပြုထိန်းသိမ်းနိုင်ဖို့အတွက် လေ့လာမှုတွေလုပ်ဆောင်နေတယ်။ ငလျင်ဒဏ်ကြောင့် ပျက်ဆီးသွားတဲ့ ဘုရားတွေကို အဓိထားပြီး ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်ဆောင်သွားမှာပါ။ ဒါတွေလုပ်ဆောင်ဖို့အတွက် သူတို့တွေနဲ့လည်း ဆွေးနွေးတိုင်ပင်ပြီးပါပြီ" ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော် က ပြောသည်။


ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဩဂုတ်လအတွင်း လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ သာသနိက အဆောက်အအုံပေါင်း ၄၀ဝ နီးပါး ထိခိုက်ပျက်စီးခဲ့သည်။


ယင်းသို့ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုရားအချို့ကို ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ရန် အိန္ဒိယနိုင်ငံ၊ တရုတ်နှင့် ကိုရီးယားစသည့်နိုင်ငံများမှ ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။  


ပုဂံဒေသကို သမိုင်းမှတ်တမ်းအရ ခရစ်နှစ် ၁၀၇ ခုနှစ်က ညောင်ဦးမြို့တောင်ဘက် ကျောက်ပန်းတောင်းမြို့ဘက်အထွက် တုရွင်းတောင်၏ အရှေ့ဘက် တစ်မိုင်ခန့်ရှိ ယုန်လွှတ်ကျွန်း အရပ်တွင် သမုဒ္ဒရာဇ်မင်းက ကျေးရွာပေါင်း (၁၉) ရွာဖြင့် စတင် တည်ထောင်ခဲ့ပြီး ပုဂံမင်းဆက် (၃၄) ဆက်မြောက် ဘုရင်ပျဉ်ပြားမင်းလက်ထက် (၈၄၉) ခုနှစ်တွင် ယခုလက်ရှိ နေရာဖြစ်သော စေတုတ္ထပုဂံ ပြည်ကြီးကို တည်ထောင်ခဲ့သည်။   


ယင်းပုဂံမြေပေါ်တွင် ပုဂံမင်းဆက်များနှင့် ပုဂံဒေသရှိ ပြည်သူလူထုတို့ တည်ထား ကိုးကွယ်ခဲ့သော ဘုရားပေါင်း (၄၄၄၆၇၃၃) ဆူ တစ်စုတစ်ဝေးတည်း တည်ရှိရာ ဗုဒ္ဓဘာသာဝင်တို့၏ သမိုင်းဝင်ဒေသ ဖြစ်သည်။


သူရိန်လင်း