၁၇ ဇွန်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုက အိုမန်ပင်လယ်ကွေ့တွင် ရေနံတင်သင်္ဘောနှစ်စင်းကို အီရန်နိုင်ငံက တိုက်ခိုက်သည် ဟူသော ယူဆချက်ကို သိရှိစေရန် အခြားနိုင်ငံများမှ တာဝန်ရှိသူများထံသို့ ဖုန်းခေါ်ဆိုပြောကြားသည်ဟု သိရသည်။
အဆိုပါ တိုက်ခိုက်မှုတွင် အီရန်ပတ်သက်မှုရှိသည်ဟုဆိုကာ ပြီးခဲ့သည့် သီတင်းပတ်က ဗွီဒီယိုဖိုင်တစ်ခုကို အမေရိကန်နိုင်ငံက ထုတ်လွှင့်ပြသခဲ့သည်။
ထိုစွပ်စွဲချက်ကို အီရန်နိုင်ငံက ပြတ်သားစွာ ငြင်းဆိုခဲ့သည်။
အမေရိကန်နိုင်ငံသည် ဗွီဒီယိုဖိုင်နှင့် အခြားသောအထောက်အထားကို အခြားနိုင်ငံများနှင့်အတူ မျှဝေခဲ့ကြောင်း မိုက်ပွန်ပီအိုက CBS သတင်းပရိုဂရမ်တစ်ခု ကို ယမန်နေ့က ပြောကြားခဲ့သည်။
ယင်းတိုက်ခိုက်မှုတွင် အီရန်နိုင်ငံပါဝင်ပတ်သက်မှုကို သက်သေပြရန် လုံလောက်သောအထောက်အထားမရှိဟု ထိုပရိုဂရမ်တင်ဆက်သူက ထပ်တလဲလဲထောက်ပြ ပြောဆိုခဲ့သည်။
နိုင်ငံတကာရေကြောင်းလမ်းတွင် လွတ်လပ်စွာ ရေကြောင်းသွားလာမှုကို ပိတ်ပင်ရန် အီရန်နိင်ငံက လုပ်ဆောင်နေသည်ဆိုသည်ကို မည်သူမျှ ငြင်းဆိုလိမ့်မည် မဟုတ်ကြောင်း မိုက်ပွန်ပီအိုက တုံ့ပြန်ပြောဆိုခဲ့သည်။
ထိုတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အမေရိကန် ပြောဆိုချက်ကို ဗြိတိန်နိုင်ငံနှင့် ဆော်ဒီအာရေဗျ နိုင်ငံတို့က ထောက်ခံခဲ့သော်လည်း အခြားနိုင်ငံအချို့က သတိထားအကဲဖြတ်ဖို့လိုအပ်သည်ဟု ဆိုသည်။
ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို