ရန်ကုန် ၁၇  ဇွန်

၂၀၁၈-၂၀၁၉ ခုနှစ် ရွှေတိဂုံစေတီတော်လုံးတော်ပြည့် ရွှေစင်ရွှေပြားကပ်လှူ ပူဇော်ခြင်း မဟာကုသိုလ်တော်အောင်ပွဲအထိမ်းအမှတ် စေတီတော်မြတ်ကြီးအား ဗုဒ္ဓဘိသေကအနေကဇာတင် မင်္ဂလာနှင့် ရေစက်ချမင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက စေတီတော်အောင်မြေရှိ ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပသည်။

ရှေးဦးစွာ နံနက် ၅ နာရီခွဲတွင် ဗုဒ္ဓဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနားကို ကျင်းပသည်။

 

mdn

 

ယင်းနောက် ရေစက်ချမင်္ဂလာအခမ်းအနား ဆက်လက်ကျင်းပရာ နိုင်ငံတော် သြဝါဒါစရိယ အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ရန်ကင်းမြို့နယ် မဟာဓမ္မိကာရုံ ပရိယတ္တိစာသင်တိုက် ကျိုက်ပိ ကျောင်းဆရာတော် ဘဒ္ဒန္တဂုဏေသန ထံမှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းနှင့် ဧည့်ပရိသတ်များက ကိုးပါး သီလခံယူဆောက်တည်ကြသည်။

 

mdn

 

ထို့နောက် ဒုတိယဝန်ကြီး ဦးကြည်မင်းက ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းမှု အခြေအနေနှင့် သာသနာတော်ဆိုင်ရာများကို လျှောက်ထားသည်။ 
ယင်းနောက် တာဝန်ရှိသူများက ဆရာတော် သံဃာတော်များအား လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဗဟန်းမြို့နယ် ညောင်တုန်းပါဠိတက္ကသိုလ် ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ပဝရာဘိဝံသ ထံမှ ရေစက်ချ အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

ရွှေတိဂုံစေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းကို ၂၀၁၄ -၂၀၁၅ ခုနှစ်က ကပ်လှူပူဇော်ခဲ့ပြီး ယခု ၄ နှစ်အကြာတွင် ရွှေစင်ရွှေပြားရွှေသင်္ကန်းများ ဆက်ကပ်လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။

ရွှေတိဂုံစေတီတော်ကြီးကို ကပ်လှူခဲ့သော ရွှေသားအလေးချိန်မှာ ၃၄၈ ပိသာ ဖြစ်ပြီး စုစုပေါင်းတန်ဖိုးငွေမှာ ကျပ်သိန်းပေါင်း ၃ သိန်း ၄ သောင်းကျော်နှင့် ရွှေပြား အရေအတွက်မှာ ၂၂၁၆၇ ချပ်ကပ်လှူပူဇော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရွှေစင်ရွှေပြားရွှေသင်္ကန်းများ ကပ်လှူပူဇော်ရာတွင် စက်မှုဝန်ကြီးဌာန၏ ဆောင်ရွက်ချက်ဖြင့်ပုဂ္ဂလိက အလှူရှင်များ၏ လှူဒါန်းငွေကျပ် သိန်းပေါင်း ၁၂၀ဝ ကျော်အပါအဝင် စုစုပေါင်းကုန်ကျငွေကျပ် ၃၉၈၃ သိန်းကျော်ရှိ  ရွှေပြားကြိတ်စက်ရုံ တစ်ခုကို တည်ဆောက်ထားနိုင်ခဲ့ပြီး ရွှေစင်ရွှေပြားများကို ထုတ်လုပ်ပူဇော်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)