ပေကျင်း ၁၈  ဇွန်

 

ဟွာဝေးနည်းပညာကုမ္ပဏီ၏ နိ်ုင်ငံရပ်ခြား စမတ်ဖုန်းရောင်းချမှုသည် ပြီးခဲ့သည့်လအတွင်း အမေရိကန်က ယင်းကုမ္ပဏီကို အမည်ပျက်စာရင်းတွင် ထည့်သွင်းလိုက်ချိန်မှစတင်ကာ ရောင်းအားကျဆင်းသွားခဲ့ကြောင်း ဟွာဝေးကုမ္ပဏီ တည်ထောင်သူစီအီးအို ရန်ကျန်ဖေးက ဇွန် ၁၇ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။

 

ဟွာဝေးကုမ္ပဏီတည်ထောင်သူ မစ္စတာ ရန်ကျန်ဖေးသည် အမေရိကန်က ဖိအားပေးမှု၏ အကျိုးဆက်အနေဖြင့် ကုမ္ပဏီ၏ ရောင်းအားကျဆင်းမှုကို ပထမဆုံးအကြိမ် အတိအလင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ဟွာဝေးကုမ္ပဏီအပေါ် အမျိုးသားလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်နေသည်ဆိုသော အကြောင်းပြချက်ဖြင့် အမေရိကန်က အမည်ပျက်စာရင်းတွင် ထည့်သွင်းခဲ့ခြင်းဖြစ်သည်။

 

တရုတ်နိုင်ငံတောင်ပိုင်း ရှန်ကျန်းမြို့ရှိ ကုမ္ပဏီရုံးချုပ်၌ စီစဉ်ကျင်းပခဲ့သည့် ဆွေးနွေးပွဲ၌ မစ္စတာရန်ကျန်ဖေး မိန့်ခွန်းပြောကြားစဉ် ဟွာဝေးစမတ်ဖုန်းများ နိုင်ငံရပ်ခြားသို့ရောင်းချမှု ၄၀ ရာခိုင်နှုန်းထိ ကျဆင်းသွားသည်ဆိုသော သတင်းရင်းမြစ်များ၏ ဖော်ပြမှုများကို အတည်ပြုနိုင်ခြင်း ရှိ မရှိ မေးမြန်းခဲ့ရာတွင် ၎င်းက ၄၀ ရာခိုင်နှုန်း ကျဆင်းသွားသည်မှာ အမှန်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

 

အရောင်းကျဆင်းမှုနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ၎င်းက ပြောကြားခဲ့ခြင်းမရှိပေ။ သို့သော်လည်း ဟွာဝေးကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက အမည်ပျက်စာရင်းထည့်သွင်းခဲ့သည့် အမေရိကန်၏ လုပ်ဆောင်မှုကြောင့် မေလမှ ဇွန်လအထိ ၄၀ ရာခိုင်နှုန်း ရောင်းအားကျဆင်းခဲ့ကြောင်း ပြန်လည်ရှင်းလင်းခဲ့သည်။ ထို့ပြင် မစ္စတာရန်သည် တရုတ်နိုင်ငံ၏ ပြည်တွင်းဈေးကွက်အတွင်း ဟွာဝေးဖုန်းများ အရောင်းသွက်နေဆဲဖြစ်ကြောင်းကိုပါ ဖြည့်စွက်ပြောခဲ့သည်။

 

ဟွာဝေးစမတ်ဖုန်းသည် ပြီးခဲ့သည့်နှစ်က ကမ္ဘာ့နံပါတ်နှစ် စမတ်ဖုန်းထုတ်လုပ်ရေးလုပ်ငန်း ဖြစ်ခဲ့သည်။ ၂၀၁၈ ခုနှစ်အတွင်း ဟွာဝေးစမတ်ဖုန်း အလုံးရေစုစုပေါင်း ၂၀၆ သန်းကို သင်္ဘောဖြင့် ပို့ဆောင်ကာ တစ်ဝက်ကို တရုတ်နိုင်ငံအတွင်း ရောင်း ချပြီး တစ်ဝက်ကို ပြည်ပသို့ဖြန့်ဖြူး ရောင်းချခဲ့သည်။ နောက်ထပ်နှစ်နှစ် အကြာတွင် ဟွာဝေးစမတ်ဖုန်းထုတ်လုပ်မှုကို အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံဖိုး လျှော့ချသွားရန် စီစဉ်ထားကြောင်း မစ္စတာရန်ကပြောကြားခဲ့သည်။

 

အေအက်ဖ်ပီ