စစ်သင်္ဘောသစ်နှစ်စင်းနှင့် ရေတပ်ဆိုင်ရာ ပစ္စည်းကိရိယာများဝယ်ယူမည့် အဆိုပြုချက်ကို ဖိလစ်ပိုင် သမ္မတ ရော့ဒရီဂိုဒူတာတေးက အတည်ပြုခဲ့ကြောင်း ဖိလစ်ပိုင်ရေတပ်အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ရောဘတ် အမ်ပီဒရတ်က ပြောကြားခဲ့သည်။
ကော်ဗတ်စစ်ရေယာဉ်နှစ်စင်းအပြင် ရေတပ်သုံး အခြားပစ္စည်းကိရိယာများဝယ်ယူမှုမှာ ပီဆို ၃၅ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၆၇၀ ခန့်) ကုန်ကျမည်ဖြစ်ကြောင်း ကာဗီတေးပြည်နယ်၊ ဆန်ဂလေပွိုင့်၌ကျင်းပသည့် ဖိလစ်ပိုင်ရေတပ်တည်ထောင်ခြင်း ၁၂၁ မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်းတစ်ခုအ တွင်း ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
ပီဆို ၂၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၃၄ သန်း) ကုန်ကျသည့် ကော် ဗတ်စစ်ရေယာဉ်နှစ်စင်းမှာ ဈေးကြီးမြင့်သော်လည်း ပီဆို ၁၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၄၅ သန်း) ဖြင့် Hyundai Heavy Industries က လက်ရှိ တည်ဆောက်နေသည့် ဖရီးဂိတ်သင်္ဘောသစ်နှစ်စင်းထက် စွမ်းဆောင်ရည် ပိုမိုကောင်းမွန်သည်ဟု သူကဆိုသည်။ Hyundai Heavy Industries က အဆိုပါ ဖရီးဂိတ်သင်္ဘောများကို လာမည့်နှစ် ဧပြီလနှင့် စက်တင်ဘာလအတွင်း ပေးပို့မည်ဟု မျှော်မှန်းရသည်။
ဒီကော်ဗတ်ရေယာဉ်နှစ်စင်းက ပိုပြီး ခေတ်မီသလို ခေတ်မီ လက်နက်တွေတပ်ဆင်ထားလို့ ဖရီးဂိတ် သင်္ဘောနှစ်စင်းထက် ပိုပြီး စွမ်းဆောင်ရည်ကောင်းမွန်ပါလိမ့်မယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ သမ္မတ ဒူတာ တေးက အမြန်တိုက်ခိုက်ရေးရေယာဉ်ရှစ်စင်း ဝယ်ယူရေးအတွက် ပီဆို ၁၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၉၂ သန်းခန့်) ကိုလည်း အတည်ပြုခဲ့ကြောင်း သူက ဖြည့်စွက်ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်