နေပြည်တော် ၁၈ ဇွန်
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကုလားတန်တံတား (ပလက်ဝ)တွင် အသုံးပြုမည့် တံတားဆက်စပ်ပစ္စည်းများ ဖျက်ဆီးခံရမှုကြောင့် IKBZ အာမခံ ကုမ္ပဏီမှ အစားထိုးပြန်လည် ပေးအပ်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမဆောင်၌ ကျင်းပသည်။
အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ဒုတိယဝန်ကြီး ဦးကျော်လင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများ၊ IKBZ Insurance Co.,Ltd မှ ဒုတိယဥက္ကဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ယနေ့အခမ်းအနားသည် ကုလားတန်မြစ်ကူးတံတား (ပလက်ဝ)၌ အသုံးပြုမည့် သံပေါင်များကို ပလက်ဝတံတားသို့ ရေယာဉ်ဖြင့် သယ်ပို့ရာတွင် AA အဖွဲ့၏ ဖျက်ဆီးမှုကြောင့် IKBZ အာမခံကုမ္ပဏီမှ အချို့အစိတ်အပိုင်းများအတွက် မီးလောင်ဆုံးရှုံးသွားသည့် ပစ္စည်းများအား အစားထိုး ပြန်လည်ပေးအပ်မည့် အခမ်းအနား ဖြစ်ပါကြောင်း။
ပလက်ဝတံတားသည် ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မတူပီမြို့နယ်တွင် တည်ရှိပြီး ပလက်ဝမြို့မှာ ကုလားတန်မြစ်၏ အနောက်ဘက်ခြမ်းတွင် တည်ရှိပြီး ကားလမ်း တိုက်ရိုက်မရောက်သည့်အတွက် လမ်းပန်းဆက်သွယ်မှုခက်ခဲပြီး ဖွံ့ဖြိုးမှု အလွန်နောက်ကျခဲ့ပါကြောင်း၊ စီးပွားရေးနှင့် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပလက်ဝတံတားကို တည်ဆောက်ပေးခြင်း ဖြစ်ပါကြောင်း။
ပလက်ဝတံတားကို ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ယခုအချိန်တွင် တံတားအောက်ထည် လုပ်ငန်းများပြီးစီးကာ တံတားအပေါ်ထည် သံပေါင်များတပ်ဆင်ရမည့်အချိန် ဖြစ်ပါကြောင်း၊ ယခုနှစ် မတ်လလယ်တွင် တံတားသံပေါင်များကို ရန်ကုန်မြို့တွင်ရှိသည့် J&M Steel Solution Co.,Ltd မှ ထုတ်ယူပြီး တံတားစီမံကိန်း လုပ်ငန်းခွင်သို့ ပို့ဆောင်ရန် စီစဉ်ခဲ့ပါကြောင်း။
ပို့ဆောင်ရာတွင် မတ်(၁၆) ရက် နံနက်တွင် AA အဖွဲ့၏ ဖျက်ဆီးမှုကြောင့် MV ရတနာဝင်း သင်္ဘောနှင့် သယ်ဆောင် လာသည့် တံတားသံပေါင်နှင့် ဆက်စပ်ပစ္စည်းများ မီးလောင်ပျက်စီးခဲ့ပါကြောင်း၊ မီးလောင်ဆုံးရှုံးခဲ့သည့် ပစ္စည်းများနှင့် ပတ်သက်၍ အာမခံထားသည့် IKBZ မှ အချို့အစိတ်အပိုင်းများအတွက် အစားထိုးပြန်လည်ပေးအပ်ခြင်း ဖြစ်ပါကြောင်း။
မီးလောင်ဆုံးရှုံးသွားသည့် ပစ္စည်းအစိတ်အပိုင်းများအတွက် အစားထိုးပြန်လည်ပေးအပ်သည့် IKBZ ကုမ္ပဏီကိုလည်း နိုင်ငံတော်ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီး ဌာနအနေဖြင့် ကုလားတန်မြစ်ကူး (ပလက်ဝ) တံတားကြီးကို အရည်အသွေး ပြည့်မီစွာဖြင့် အမြန်ပြီးစီးရန်နှင့် ဒေသခံပြည်သူများ ဆောလျင်စွာ အသုံးပြုနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ဥက္ကဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က အာမခံလုပ်ငန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် IKBZ Insurance Co., Ltd မှ ဒုတိယဥက္ကဌ ဦးညိုမြင့်က ပျက်စီးဆုံးရှုံးသွားသော တံတားဆက်စပ်ပစ္စည်းများ အစားထိုး ပြန်လည်ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် IKBZ Insurance Co., Ltd မှ ဒုတိယဥက္ကဌ ဦးညိုမြင့်က အစားထိုးပစ္စည်းများအတွက် တန်ဖိုးငွေများကို လွှဲပြောင်းပေးအပ်ရာ တံတားဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးရွှေလေးက လက်ခံရယူခဲ့သည်။ အဆိုပါ အခမ်းအနားအပြီး တွင် မီဒီယာများနှင့် တွေ့ဆုံ၍ ရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)