နေပြည်တော် ၁၈ ဇွန်
မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင် တတိယအကြိမ် ပုံမှန်အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံယှဉ်ပြိုင်မှု ကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ကော်မရှင်အနေဖြင့် အကောင်အထည်ဖော်ရန် ကဏ္ဍများစွာ ရှိနေကြောင်း၊ ယှဉ်ပြိုင်မှုဆိုင်ရာ အသိပညာပေးခြင်းများကို နည်းလမ်းပေါင်းစုံအသုံးပြုပြီး ဆောင်ရွက်ရမည် ဖြစ်သကဲ့သို့ ဥပဒေချိုးဖောက်မှုများကိုလည်း ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ကြောင်း ပြောကြားသည်။
အစည်းအဝေးတွင် ကော်မရှင်၏ စီမံရေးရာကိစ္စရပ်များ ဆောင်ရွက်ပြီးစီးခဲ့မှု၊ ဆောင်ရွက်ဆဲနှင့် ဆက်လက် ဆောင်ရွက်ရန် ကိစ္စရပ်များ၊ အထူးသဖြင့် ယှဉ်ပြိုင်မှုဥပဒေ လေးစားလိုက်နာမှု မြှင့်တင်ရန်အတွက် အစီအစဉ် ချမှတ်ဆောင်ရွက်ရေး ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
အဆိုပါ အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကော်မရှင် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)