နေပြည်တော် ၁၈  ဇွန်  

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တိဘက်ပြည်သူ့ကွန်ဂရက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Cheng Siqu နှင့် အဖွဲ့အား ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ၊ သဘင်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုမှ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဆင့်သို့ တိုးတက်ရောက်ရှိခဲ့သည့်ကိစ္စ နှစ်နိုင်ငံ အကြီးအကဲများ၏ ချစ်ကြည်ရေးခရီးစဉ်များမှတစ်ဆင့် အစိုးရအချင်းချင်း၊ လွှတ်တော် အချင်းချင်း၊ ပြည်သူအချင်းချင်းတွင် စီးပွားရေး၊ ပညာရေးနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံများကို အတူလက်တွဲ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီအတွင်းရေးမှူး ဦးဘိုဘိုဦး၊ ကော်မတီအဖွဲ့ဝင်များနှင့် လွှတ်တော်ရုံးများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 

(သတင်းစဉ်)