ရန်ကုန်  ၁၈  ဇွန်

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပသည်။

 

6351

 

အစည်းအဝေးသို့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဦးအေးသာအောင်၊ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသော ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ အဖွဲ့ဝင်များ ဖြစ်ကြသော ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်အုန်း၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(ငြိမ်း)ဦးညီလှငယ်၊ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ် အောင်နိုင်သူတို့ တက်ရောက်ကြသည်။

 

6365

 

အစည်းအဝေးတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ အမျိုးသား လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က ယနေ့ တွေ့ဆုံမှုသည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခ၊ အထူးသဖြင့် မြန်မာနိုင်ငံ ပြည်တွင်းစစ်နှင့် ပတ်သက်၍ အတွေ့အကြုံရှိသည့် ပုဂ္ဂိုလ်များ၏ ဆွေးနွေးတင်ပြအကြံပြုမည့် အကြောင်းအရာများကို မိမိတို့ကော်မတီအနေဖြင့် ကြားနာရန် ဖြစ်ပါကြောင်း။

မိမိတို့ကော်မတီသည် မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်နှင့် ပတ်သက်၍ သော်လည်းကောင်း၊ ရခိုင်ပြည်နယ် လက်နက်ကိုင် ပဋိပက္ခနှင့် ပတ်သက်၍သော်လည်းကောင်း အပြီးသတ်အစီရင်ခံစာ ရေးသားသည့် အခါတွင် ရေတို၊ ရေရှည်ကာလများတွင် လုပ်သင့်လုပ်ထိုက်သည့် အချက်အလက်များကို အတွေ့အကြုံရှိသည့် ပုဂ္ဂိုလ်များ၏ အကြံပြုသည့်အပေါ်တွင် ရယူ၍ အပြီးသတ် အစီရင်ခံစာတွင် ထည့်သွင်းရေးသား ဖော်ပြသွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယနေ့တွေ့ဆုံပွဲတွင်  ဆွေးနွေးအကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြ ပေးစေလိုကြောင်း ပြောကြားသည်။ 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် သက်ဆိုင်ရာ နယ်ပယ်ကဏ္ဍ အသီးသီးမှ ပညာရှင်များ ဖြစ်ကြသည့် မြန်မာလေ့လာရေးအဖွဲ့ အကြီးတန်းသုတေသနမှူး ဦးအေးမောင်ကျော်၊ စာရေးဆရာ ဦးသန်းစိုးနိုင်၊ စာရေးဆရာ ဦးကျော်ဝင်း၊ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ရုံး၏ အလုပ်အမှု ဆောင်ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦးတို့က ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများ၊ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များအကြား ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေအနေများ၊ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့် စပ်လျဉ်း၍ ရေတို၊ ရေရှည် ဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို အကြံပြုဆွေးနွေးကြပြီး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတို့နှင့် ကော်မတီဝင်များက လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေများနှင့် စပ်လျဉ်း၍ ပြန်လည်ဆွေးနွေးကြသည်။ 

ယင်းနောက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ပြောစရာ၊ ဆွေးနွေးစရာ၊ အကြံပြုစရာများ များစွာရှိမည်ကို သိရှိပါကြောင်း၊ ယခုကဲ့သို့ အတွေ့အကြုံရှိသည့် ပုဂ္ဂိုလ်များ၏ ဆွေးနွေးချက်များသည် မိမိတို့ ကော်မတီအတွက် များစွာအကျိုးရှိပြီး အထောက်အကူပြုပါကြောင်း၊ ဆွေးနွေး အကြံပြုချက် ကောင်းများရရှိခဲ့ပါကြောင်း ပြောကြားသည်။

(သတင်းစဉ်)