စစ်တွေ ၁၈ ဇွန်

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်သည် ယနေ့ ညနေ ၅ နာရီတွင် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဧည့်ဂေဟာ၌ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ပြည်နယ် ကော်မတီဝင်များနှင့် တွေ့ဆုံသည်။

 

6

 

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီဥက္ကဋ္ဌ ဦးဆောင်သည့် ကော်မတီအဖွဲ့ဝင်များသည်  ညနေ ၄ နာရီခွဲတွင် ရန်ကုန်မြို့မှ  မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် စစ်တွေမြို့သို့ရောက်ရှိရာ  ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက စစ်တွေလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

 

7

 

ယင်းနောက်   ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဧည့်ဂေဟာ၌ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ပြည်နယ်ကော်မတီဝင်များနှင့် တွေ့ဆုံရာတွင်  ကော်မတီဥက္ကဋ္ဌ  ဦးအေးသာအောင်က ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီကို ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်သည် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် ပြဿနာများအား အချိန်နှင့်တစ်ပြေးညီ ကူညီဖြေရှင်းပေးနိုင်ရန်နှင့် ကော်မတီဝင်များ၏ အကြံဉာဏ်များရယူပြီး ပြည်ထောင်စုအစိုးရအဖွဲ့သို့ အစီရင်ခံစာရေးသားတင်ပြနိုင်ရန် ဖြစ်ပါကြောင်း၊ ပြည်နယ်ကော်မတီတွင် ပါဝင်သည့်ပုဂ္ဂိုလ်များအနေဖြင့် ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများသို့ ကိုယ်တိုင်သွားရောက်၍ တိုက်ပွဲရှောင်ပြည်သူများ၏ လိုအပ်ချက်များ၊ ထပ်မံ၍ ဖြည့်တင်းဆောင်ရွက်ပေးရမည့်ကိစ္စရပ်များ၊ တိုက်ပွဲရှောင်စခန်းများတွင် ရောက်ရှိနေသည့် ကျောင်းသားကျောင်းသူများ နီးစပ်ရာ စာသင်ကျောင်းများတွင် ပညာသင်ကြားနိုင်ရေး၊ ဒုက္ခသည်စခန်းများရှိ ပြည်သူများအတွက် အမိုးအကာ အဆောက်အဦများ ဆောက်လုပ်ပေးရန် ဆောင်ရွက်ပေးနိုင်ရေး၊ ကျန်းမာရေးဝန်ထမ်းများ လုံလုံလောက်လောက် ချထားပေးနိုင်ရေးတို့တွင်  ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြေပြင်ကွင်းဆင်း၍ ပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊    ပြည်နယ်ကော်မတီဝင်များက ရခိုင် ပြည်နယ်အတွင်း လတ်တလောဖြစ်ပွားနေသည့် ပဋိပက္ခများ၊ လက်ရှိ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေ သည့် အခြေအနေအရပ်ရပ်နှင့် ထပ်မံကွင်းဆင်း လေ့လာဆောင်ရွက်သွားမည့်အခြေအနေ၊ နှစ်ဖက် အဖွဲ့အစည်းများအကြား သဟဇာတဖြစ်ရေး၊ ဒေသခံများ၊ တွေ့ဆုံသင့်တွေ့ဆုံထိုက်သူများနှင့် တွေဆုံ၍ ၎င်းတို့၏အကြံပြုချက်၊ သုံးသပ်ချက်များ ရယူဆောင်ရွက်သွားရေးနှင့် လက်နက်ကိုင် ပဋိပက္ခများ လျော့နည်းသွားရေးအတွက် ဆောင်ရွက်သွားရမည့် ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေး တင်ပြ ကြသည်။

ယင်းနောက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီဥက္ကဋ္ဌ က နိဂုံးချုပ် အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

(သတင်းစဉ်)