ပွင့်ဖြူ ၁၉ ဇွန်


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ မင်းဘူး - ပွင့်ဖြူ - စလင်း - တညောင်လမ်းပေါ်ရှိ မုန်းချောင်းတံတား(ပွင့်ဖြူ) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲက အဆိုပါ တံတားအနီး ယာယီမဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 


ရှေးဦးစွာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဒေသဖွံ့ဖြိုးရေးနှင့် ခရီးသွားပြည်သူများ ရာသီမရွေး စိတ်အေးချမ်းစွာ ဖြတ်သန်းသွားလာနိုင်ရေးအတွက် မင်းဘူး - ပွင့်ဖြူ - စလင်း - တညောင်လမ်းပေါ်ရှိ မူလရှိ သံမဏိ၊ သံဘောင် ဘေလီတံတားအစား (1.2m Bored Pile အုတ်မြစ် ၊ PC Girder သံကူကွန်ကရစ်ကြမ်းခင်းနှင့် လက်ရန်း အမျိုးအစား မုန်းချောင်းတံတား (ပွင့်ဖြူ) အား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှု လုပ်ငန်းများနှင့် စပ်လျဉ်းပြီး ရှင်းလင်းဆွေးနွေး ပြောကြားသည်။ 


ဆက်လက်၍ တည်ဆောက်ပြီးစီးသည့် မုန်းချောင်းတံတား(ပွင့်ဖြူ)အား မင်းဘူးမြို့နယ်၊ ပွင့်ဖြူမြို့နယ်နှင့် စလင်း မြို့နယ်တို့မှ ဘက်စုံထူးချွန်လူရည်ချွန် ၅ ဦးက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး၊ တံတားကမ္ဗည်း ကျောက်စာတိုင်အား မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီး ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးတင်နွယ်ဦးနှင့် တာဝန်ရှိသူများက အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ တံတားအနီးလမ်းဘေးတွင် အရိပ်ရ ပန်းအလှပင်များ စုပေါင်းစိုက်ပျိုးပေးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူရည်ချွန်ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများက ဆောင်ရွက်ပြီးစီးသည့် မုန်းချောင်းတံတား(ပွင့်ဖြူ)အား လိုက်လံကြည့်ရှုခဲ့ကြပြီး တံတားပေါ် ဖြတ်သန်းမောင်းနှင်သွားလာသည့် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် စီးနင်းသူများကို ယာဉ်အန္တရာယ်ကင်းဝေးစွာ မောင်းနှင်သွားလာနိုင်ရေး ယာဉ်စည်းကမ်းဆိုင်ရာ ပညာပေး စတေကာကပ်ခြင်းများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြသည်။ 


ဖွင့်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီး ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးတင်နွယ်ဦးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူရည်ချွန်ဆုရ ကျောင်းသားကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ 


အဆိုပါ မုန်းချောင်းတံတား(ပွင့်ဖြူ)ကို  ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားအထူးအဖွဲ့(၅)ဆိပ်ဖြူ မှ ၂၀၁၇ ခုနှစ်၊ မေ ၂၁ ရက်မှ စတင်ကာ တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တံတားအမျိုးအစားမှာ (1.2 m Bored Pile အုတ်မြစ်၊ PC Girder) သံကူကွန်ကရစ်ကြမ်းခင်း နှင့် လက်ရန်းအမျိုးအစားဖြစ်ကြောင်း၊ တံတားအရှည်ပေ ၁၃၀ဝ၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ နှင့် လမ်းဘေး(ဝဲ၊ယာ) လူသွားလမ်းအကျယ် ၃ ပေ ထည့်သွင်းတည်ဆောက်ထားခြင်း ဖြစ်ကြောင်းနှင့် ယာဉ်တစ်စီးချင်း ခံနိုင်ဝန် တန် ၆၀ ဖြတ်သန်းမောင်းနှင်သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။ 


ရဲဝင်းနိုင် (ညောင်ဦး)