သရက် ၁၉ ဇွန်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် အတွင်းရှိ ကျေးရွာပေါင်း ခြောက်ဆယ့်နှစ်ရွာတွင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း၏ ရင်းနှီးမြှပ်နှံမှု အစီအစဉ်အရ နိုင်ငံတော်ထောက်ပံ့ ရန်ပုံငွေကျပ်သန်း ခြောက်ရာ့နှစ်ဆယ်၊ ပြည်သူထည့်ဝင်ငွေ ကျပ်သန်း ၂၁၁.၈၆၃၂ စုစုပေါင်းငွေကျပ်သန်း ၈၃၁.၈၆၃၂ ဖြင့် လမ်းလုပ်ငန်း ၄၁ခု၊ ရေပေးရေးလုပ်ငန်း ရှစ်ခု၊ မီးလင်းရေးလုပ်ငန်း ၁၁ ခုနှင့် အခြားလုပ်ငန်း နှစ်ခု စုစုပေါင်းလုပ်ငန်း ခြောက်ဆယ့်နှစ်ခုကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် စတင်အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် လုပ်ငန်းများအားလုံး (၉၈) ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများကို “ခရိုင်အတွင်းရှိ သရက်မြို့နယ်တွင် ဆယ့်နှစ်ရွာ၊ ကံမမြို့နယ်တွင် ဆယ့်လေးရွာ၊ မင်းလှမြို့နယ်တွင် ဆယ့်နှစ်ရွာ၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ဆယ်ရွာနှင့် အောင်လံမြို့နယ်တွင် ဆယ့်နှစ်ရွာ စုစုပေါင်းကျေးရွာ ခြောက်ဆယ့်နှစ်ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် မှ ၂၀၁၈ ခု ခြောက်လဘဏ္ဍာရေးနှစ်အထိ သရက်ခရိုင်အတွင်းရှိ ကျေးရွာပေါင်း ငါးဆယ့်တစ်ရွာတွင် နိုင်ငံတော်ထောက်ပံ့ ရန်ပုံငွေကျပ်သန်း ၅၁၀၊ ပြည်သူထည့်ဝင်ငွေကျပ်သန်း (၈၉.၂၈၂၄၇)ဖြင့်လည်း လမ်းတံတားလုပ်ငန်း ၂၃ခု၊ ရေပေးရေး လုပ်ငန်း ၁၂ခု၊ မီးလင်းရေးလုပ်ငန်း သုံးခု၊ ပညာရေးအဆောက်အဦ ငါးခု၊ ကျန်းမာရေးအဆောက်အဦ ငါးခုနှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်း သုံးခုတို့ကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကာ လူဦးရေ (၄၆၃၁၉) အိမ်ထောင်စု (၁၀၂၈၅)တို့ကို အကျိုးပြု လျက်ရှိပါတယ်” လို့ သရက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတိုးကြည် က ပြောပြသည်။
ခရိုင်ဦးစီးမှူး ဦးတိုးကြည်နှင့် အဖွဲ့သည် (၁၈-၆-၂၀၁၉)ရက်နေ့ နေ့လည် (၂:ဝ၀) နာရီအချိန်တွင် သရက်မြို့နယ်အတွင်းရှိ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများဖြစ်သော ရေမျက်ကျေးရွာ ရွာတွင်းလမ်းမြေနီခင်းခြင်းလုပ်ငန်း (၃၄၀ဝ ပေ x ၁၂ ပေ x ၉ လက်မ) နှင့် အဆိုပါလမ်းပေါ်တွင် Pipe Culvert (၆)စင်း တည်ဆောက်ခြင်းလုပ်ငန်း (၄ ပေ x ၁၂ ပေ x ၂ ပေ ၆လက်မ)လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် တလပါးကျေးရွာ ရွာတွင်းလမ်းကျောက်ချောခင်းခြင်းလုပ်ငန်း (၁၃၀ဝ ပေ x ၁၂ ပေ x ၆ လက်မ) နှင့် ရွာတွင်းလမ်းမြေနီခင်းခြင်းလုပ်ငန်း (၁၅၀ဝ ပေ x ၁၂ ပေ x ၆ လက်မ) လုပ်ငန်းများ ၁၀ဝ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုခဲ့ပြီး ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့် တွေ့ဆုံကာ လမ်းများ ရေရှည်တည်တံ့စေရေးအတွက် ပြင်ဆင်ထိန်းသိမ်းရမည့် နည်းလမ်းများကို အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆုဝေထွန်း(သရက်)