မန္တလေး ၁၉  ဇွန် 


မန္တလေးမြို့တွင် ပန်းချီဆရာကြီး ဦးမာလာ၏ စတုတ္ထအကြိမ်မြောက် ခေတ်စုံ အလှစုံ တစ်ကိုယ်တော် ပန်းချီပြပွဲကို ၇၈ လမ်းနှင့် ၃၄ လမ်းထောင့် Mandalay Yatanar Mall ရှိ Smart Art Gallery တွင် ယနေ့ နံနက် ၁၀ နာရီက ကျင်းပသည်။

 

1

 


အဆိုပါပြပွဲတွင် မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယု၊ မန္တလေးမြို့မှ ပန်းချီဆရာကြီးများဖြစ်ကြသော ဒေါက်တာကိုကိုကြီး၊ ဦးဇော်ဝင်း (သစ်ထွင်း) တို့မှ မုဒိတာစကားများ ပြောကြားခဲ့ကြသည်။


ထို့နောက် ပန်းချီဆရာကြီး ဦးမာလာက “ကျွန်တော်က မန္တလေးသားတစ်ဦး ဖြစ်တဲ့အတွက် မန္တလေးရဲ့ ကျေးဇူးကို ပြန်ဆပ်ချင်ပါတယ်။ ဒါကြောင့် မန္တလေးမြို့တည်နန်းတည် သတ္တဌာနရဲ့ သမိုင်းအမွေအနှစ် အဆောက်အဦတွေနဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို ဖော်ထုတ်ရေးဆွဲပြီး ပြသချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီပန်းချီပြပွဲကို ကျင်းပတာ ဖြစ်ပါတယ်။ ဒါ့အပြင် မန္တလေးမြို့မှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေကိုလည်း ဂုဏ်ပြုချင်တဲ့အတွက် သူတို့ရဲ့ လူမျိုးအလိုက် ရိုးရာဓလေ့တွေကို သိရှိစေဖို့ ပန်းချီကားအဖြစ်ရေးဆွဲပြီး ပါဝင်ပြသထားပါတယ်” ဟု ပြောသည်။


ပန်းချီပြပွဲတွင် ဆရာကြီး ဦးမာလာရေးဆွဲထားသည့် ရေးဆေးနှင့် အခရိုင်းလစ် အမျိုးအစား ပန်းချီကားပေါင်း ၅၀ ကျော် ပါဝင်ပြသထားပြီး ပြပွဲကို ဇွန် ၁၉ ရက်မှ ၂၅ ရက်အထိ နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၅ နာရီခွဲအထိ ပြသသွားမည်ဖြစ်ပြီး ဝယ်ယူသိမ်းဆည်းလိုသူများအတွက် ပန်းချီ အမျိုးအစားပေါ် မူတည်၍ ကျပ်ငါးသိန်းမှ ၂၅ သိန်းနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


အောင်ဖြိုးကျော်